လျှပ်စစ်မီတာခကို Pre Paid စနစ်ဖြင့်ပါ ဆောင်ရွက်ရန် စီစဉ်လျက်ရှိ

လျှပ်စစ်မီတာခများ ကောက်ယူရာမှာ လူအားနဲ့ မီတာဖတ်ခြင်းကြောင့် ဖြစ်ပေါ်လာမယ့် အားနည်းချက်များကို ရှောင်ရှားရန် SMART METER စနစ်အတွက် ဆောင်ရွက်လျက်ရှိပြီး နောက်ပိုင်းတွင် နိုင်ငံတကာနည်းတူ ကြိုတင် ငွေပေးချေထားရတဲ့ Pre Paid စနစ်ပါ ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒီဇင်ဘာ ၁၆ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၆ ရက်နေ့မြောက်မှာ ဒေါက်တာဦးစိန်မြအေး၊ ဒလမဲဆန္ဒနယ်၏ မီတာဖတ်ခြင်း၊ မီတာကောက်ခံခြင်းများတွင် လျှပ်စစ်သုံးစွဲသူနှင့် လျှပ်စစ်ဌာနတို့အကြား ပွင့်လင်းမြင်သာမှု ရှိရန်အတွက် လူမြင်နိုင်သောနေရာ သို့မဟုတ် အိမ်ခြံဝင်းများအတွင်းတွင် မီတာပုံးများထားရှိရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းတဲ့ မေးခွန်းကို ဖြေကြားရာမှာ ထည့်သွင်းဖြေကြားခဲ့တာ ဖြစ်ပါတယ်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အနေနဲ့ မီးသုံးစွဲသူအရေအတွက် များပြားလာတာနဲ့အမျှ လူအားနဲ့ မီတာဖတ်ခြင်းကြောင့် ဖြစ်ပေါ်လာမယ့် အားနည်းချက်များကို ကျော်လွှားဖို့အတွက် မီတာတွေကို Control Center သို့ မြို့နယ်ရုံးရှိ ကွန်ပျုတာကနေ သုံးစွဲယူနစ်များကို ဖတ်ရှုခြင်း၊ ဗို့အားအခြေအနေများကို ဖတ်ရှုခြင်း၊ တရားမဝင် ဓာတ်အားသုံးစွဲမှုများကို စောင့်ကြည့်ခြင်း၊ သုံးစွဲယူနစ်အတွက် ကျသင့်ငွေများအားကနေ သုံးစွဲသူများက စစ်ဆေးကြည့်ရှုကာ Mobile Phone Application ကနေ online Billing စနစ်နဲ့ ငွေပေးချေနိုင်တဲ့ SMART METER စနစ်ကို ပြောင်းလဲဆောင်ရွက်နိုင်ရန်အတွက် Automatic Meter Reading (AMR) နဲ့ Advance Metering Infrastructure (AMI) စနစ်များအား သတ်မှတ်ပြီး Pilot Project စတင် ဆောင်ရွက်ပြီးဖြစ်ကြောင်း ဒုဝန်ကြီးက ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ကြိုတင်ငွေပေးသွင်းထားတဲ့ Pre Paid မီတာစနစ်ကိုပါ ပြောင်းလဲကျင့်သုံးရန် ဆောင်ရွက်နေကြောင်း ဒုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

လက်ရှိအနေနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာမှာ တိုင်ပေါ်မှာတပ်ဆင်ထားတဲ့ အဝေးမှ Hand Held Unit (HHU) ကိရိယာနဲ့ မီတာဖတ်ရတဲ့ ဒီဂျစ်တယ်မီတာ အရေအတွက်ဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် ခုနစ်သိန်းကျော်ရှိပြီး မီတာအားလုံးရဲ့ (၁၅.၃) ရာခိုင်နှုန်းခန့် ရှိနေပြီဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

-ကျော်ဇေယျ