လျှပ်စစ်ကားတွေ အားသွင်းပေးမယ့် Volkswagen စက်ရုပ်

လျှပ်စစ်ကားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲကတော့ အားသွင်းနိုင်တဲ့ အခြေခံအဆောက်အအုံ ဖြစ်ပါတယ်။ လျှပ်စစ်ကားတွေအတွက် နေရာအနည်းငယ်ပဲ ပေးနိုင်သလို ကားပါကင်တွေထဲမှာ အားသွင်းနိုင်တဲ့ စတေရှင် တည်ဆောက်မှုက အချိန်နဲ့ ငွေကြေးများစွာ ကုန်ကျပါတယ်။

အဲဒီ ပြဿနာအတွက် Volkswagen ကတော့ ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ရပ် တွေ့ထားပါတယ်။ စက်ရုပ်တွေပါပဲ။ Volkswagen စက်ရုပ်ဖန်တီးမှုကတော့ concept ကနေ ရှေ့ပြေးပုံစံအဆင့် အထိ ရောက်လာပါပြီ။

လျှပ်စစ်ကားတွေ အားသွင်းပေးမယ့် စက်ရုပ်တွေအမည်က MCR ဖြစ်ပါတယ်။ ကားပါကင်ထိုးလို့ရတဲ့ ဂိုဒေါင်တွေမှာ အလွယ်တကူ တပ်ဆင်နိုင်ပါတယ်။ စက်ရုပ်က LCD မျက်လုံးလိုမျိုး မျက်နှာတစ်ခု ပါဝင်ပြီး ကားကို အားသွင်းတော့မယ်ဆို လက်လေးထွက်လာပါတယ်။ စက်ရုပ်မှာ ဘက်ထရီတွေ တင်ထားတဲ့ နောက်တွဲလည်း ပါဝင်လာပါတယ်။

လျှပ်စစ်ကားမောင်းသူက ဂိုဒေါင်ထဲ ဝင်လာရင် စမတ်ဖုန်း app ကတစ်ဆင့် အားသွင်းချင်တာကို ပြောပြပေးရပါမယ်။ အဲဒီအခါ MCR စက်ရုပ်က နိုးလာပြီး နောက်တွဲကို ကားဆီယူလာမယ်။ စက်ရုပ်က လက်ကို အသုံးပြုပြီး အားသွင်းပေါက်နဲ့ ချိတ်ဆက်ပေးပါမယ်။

-စိုးထက်
Ref: AutoBlog

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««