လျို့ဝှက် စကားပြောစနစ်ကို ထိုးဖောက်ပြီး ရာဇဝတ်ကျူးလွန်သူ ရာပေါင်းများစွာကို အာဏာပိုင်တွေ ဖမ်းဆီး

ယူကေရဲ့ အမျိုးသားမှုခင်းအေဂျင်စီ (NCA) က encrypt လုပ်ထားတဲ့ စာသားသန်းပေါင်းများစွာကို ကြားဖြတ် ဖမ်းယူနားထောင်ပြီး စုဖွဲ့ရာဇဝတ်အဖွဲ့ ဒါဇင်ပေါင်းများစွာကို ဖြိုခွင်းကာ ၇၄၆ ဦး ဖမ်းဆီးလိုက်ပါတယ်။ အဲဒီ message တွေကို EncroChat လစဉ်ကြေးအခြေခံ ဖုန်းဝန်ဆောင်မှုကနေ ပေးပို့ကြတာဖြစ်ပြီး မသမာမှုပြုလုပ်သူအကြား ရေပန်းစားပါတယ်။ အခုစစ်ဆင်ရေးက စုဖွဲ့ရာဇဝတ်အဖွဲ့ပေါင်းများစွာအပေါ် အထိနာမှု အကြီးဆုံးဖြစ်စေမယ်လို့ NCA ကပြောထားပါတယ်။

ဥရောပ ဥပဒေအဖွဲ့အစည်း အေဂျင်စီများစွာက စကားပြောဆိုမှုတွေကို လပေါင်းများစွာ စောင့်ကြည့်ခဲ့ကြပါတယ်။ ပြင်သစ်ရဲက ကွန်ရက်ကို ပထမဆုံး ထိုးဖောက်ခဲ့ပြီး နိုင်ငံအတွင်းက ဆာဗာတစ်ချို့ကို ရှာဖွေပြီးနောက် EncroChat ကိုဖောက်ထွင်းဖို့ နည်းပညာဆိုင်ရာ ထုတ်ကုန်ကိုလည်းတပ်ဆင်လိုက်ပါတယ်။ မတ်လအတွင်း EncroChat ရဲ့ encryption code ကိုရှာဖွေနိုင်ကာ ဧပြီလမှာတော့ အချက်အလက်တွေ စတင်ရရှိခဲ့ပါတယ်။

ရဲတွေက မူးယစ်ဆေးဝါးလုပ်ငန်းနဲ့ ငွေကြေးခဝါချမှုအပါအဝင် မူခင်းများစွာ ပြောဆိုမှုများစွာကို စစ်ဆေးခဲ့တယ်လို့ Motherboard ကဖော်ပြခဲ့တယ်။ စကားပြောဆိုမှုထဲ ပါဝင်သူတွေက လုံခြုံ၊ စိတ်ချမှု ရှိနေခဲ့ကြပါတယ်။

-စိုးထက်
Ref: TheVerge