လော့ဒေါင်းချထားတဲ့ (၁၀) လ အတွင်း အလွန်တိုးတက်လာတဲ့ လုပ်ငန်းတွေ

ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားတဲ့ လူတစ်ဦးချင်းနဲ့ လုပ်ငန်းသဘာဝတွေ ပြောင်းလဲကုန်ပါတယ်။ ရောဂါပြန့်ပွားကူးစက်မှုကို ထိန်းချုပ်ဖို့ လူတွေဟာ အိမ်မှာ နေထိုင်၊ အလုပ်လုပ်ဖို့ အင်တာနက်အပေါ် မှီခိုလာရပါတယ်။ ဒါ့အပြင် အိမ်မှာ နေထိုင်လာရတဲ့အခါ လိုအပ်တာရော မလိုအပ်တဲ့ ကုန်ပစ္စည်းတွေပါ ဝယ်ယူလာတာကြောင့် ငွေထုပ်ပိုက်သွားတဲ့ လုပ်ငန်းတွေ အများကြီးရှိလာပါတယ်။ အဲဒီလုပ်ငန်းတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

(၁) Amazon

Amazon ကတော့ အွန်လိုင်းကနေ ကုန်ပစ္စည်းလက်လီရောင်းချမှုကို ဦးဆောင်နေတဲ့ လုပ်ငန်းတွေထဲက တစ်ခု ဖြစ်တယ်။ ကွာရန်တင်းကာလအတွင်း Amazon ဩဇာက ပိုကြီးမားလာပါတယ်။ အွန်လိုင်းဈေးဝယ်မှုတွေမှာ ညဘက် သက်သောင့်သက်သာ အိပ်စက်နိုင်ဖို့ စောင်ဝယ်တာကနေ စာအုပ်တွေ ဝယ်ယူတာအထိ လုပ်နိုင်ပါတယ်။ Amazon prime လိုမျိုး လုပ်ဆောင်ချက်ကလည်း အလွန် မြန်ဆန်ပြီး ပစ္စည်းတွေ ဒီနေ့မှာ၊ ဒီနေ့ရောက်တာ အထိ ပို့ပေးနိုင်ပါတယ်။

(၂) TikTok

မမျှော်လင့်ဘဲ လော့ဒေါင်းကိစ္စက ရောက်လာတဲ့အခါ လူတွေက ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အကျပ်အတည်းမှာ ပိတ်မိနေခဲ့တယ်။ လူတွေက စိတ်ကျဉ်းကျပ်စရာကောင်းတဲ့ အချိန်မှာ ပျော်ရွှင်မှုနဲ့ ဖျော်ဖြေမှု လိုအပ်နေပါတယ်။ TikTok ကတော့ လူငယ်ပရိသတ်တွေ ဗီဒီယိုအတိုလေးတွေ ဖန်တီးနေကြတဲ့ ပျော်ရွှင်စရာ platform တစ်ခု ဖြစ်နေပါပြီ။ ကွာရန်တင်းမှာတော့ TikTok ဟာ လူတွေ အချင်းချင်း ချိတ်ဆက်မယ့် နည်းလမ်းသစ်တွေကို ရှာဖွေပေးပြီး အသုံးပြုသူလည်း အလွန်တိုးလာပါတယ်။ TikTok ကိုတော့ အသက်အရွယ် အပိုင်းအခြား အရ အနည်းငယ် ကြီးတဲ့သူတွေလည်း အသုံးပြုလာကြပါတယ်။ TikTok ရေပန်းစားမှု Instagram လိုမျိုး ဝန်ဆောင်မှုက ဗီဒီယိုအတို ဖန်တီးမယ့် feature ကိုထည့်သွင်းတဲ့အထိ ဖိအားပေးနိုင်ခဲ့ပါတယ်။

(၃) Zoom

ကုမ္ပဏီအများစုက ရုံးမှာ အစည်းအဝေးလုပ်တာတွေ ရပ်တန့်သွားပါတယ်။ နေအိမ်မှာ နေတဲ့ အစီအစဉ်ကြောင့် အဖွဲ့လိုက် အလုပ်အကိုင်နဲ့ ချိတ်ဆက်မှုကလည်း ပိုမို ခက်ခဲလာခဲ့ပါတယ်။ Zoom ဆိုတာက ကွာရန်တင်း မတိုင်ခင်ကတည်းက ရှိနေတဲ့ ဝန်ဆောင်မှု ဖြစ်တယ်။ ဒါပေမဲ့ ကုမ္ပဏီဝန်ထမ်းတွေက နေအိမ်မှာ နေထိုင်ရမယ့် ကာလတာရှည်လာပြီး Google နဲ့ Twitter ကုမ္ပဏီက ဝန်ထမ်းတွေကို ၂၀၂၁ ခုနှစ် နွေရာသီ၊ ဆောင်းဦးမှပဲ ရုံးပြန်တက်ခွင့်ပေးမယ်လို့ ကြေညာခဲ့တာကြောင့် Zoom က လိုအပ်ချက်တစ်ခု ဖြစ်လာပါတယ်။ လုပ်ငန်းတွေကလည်း ဝန်ထမ်းတွေနဲ့ အစည်းအဝေးထိုင်တဲ့ ပုံစံကို အလျင်အမြန် ပြောင်းလဲခဲ့တယ်။ လုပ်ငန်းအများစုကတော့ virtual ကနေ အစည်းအဝေးလုပ်ကြပြီး အဖွဲ့တွေဆီ စိတ်ကူးကို တင်ပြကြပါတယ်။ Zoom စတော့ကတော့ လော့ဒေါင်းကာလအတွင်း အလွန်မြင့်လာပါတယ်။ ကုမ္ပဏီတွေကလည်း လာမယ့်နှစ်မှာ Zoom ကို ဆက်လက် အသုံးပြုလာကြပါဦးမယ်။

(၄) Clubhouse

ကွာရန်တင်းမှာ Clubhouse ဟာ အကျိုးအမြတ် ဖြစ်ထွန်းလာတဲ့ platform အသစ်ဖြစ်တယ်။ Clubhouse ကတော့ အိမ်မှာပဲ နာရီပေါင်းများစွာ အချိန်ဖြုန်းနေရတဲ့ လူတွေကို ချိတ်ဆက်မှုနဲ့ စကားပြောဆိုမှုကို တွန်းအားပေးပါတယ်။ အဲဒီ platform ကိုတော့ နည်းပညာမှာ စတင် အသုံးပြုခဲ့ကြပြီး ဂီတနဲ့ ဖျော်ဖြေရေးလောက ဩဇာလွှမ်းမိုးနိုင်သူတွေ အနည်းငယ်အပေါ် စတင် မိတ်ဆက်အပြီး ရေပန်းစားလာပါတယ်။ Clubhouse ကတော့ invite လုပ်မှပဲ အသုံးပြုနိုင်တဲ့ app ဖြစ်ပါတယ်။ Clubhouse ကိုတော့ တစ်ကမ္ဘာလုံးက လူသန်းပေါင်းများစွာ အသုံးပြုနေကြပါတယ်။ 21 Savage နဲ့ The Proud Family ဖန်တီးသူ Bruce W. Smith တို့လည်း အသုံးပြုနေကြပါတယ်။

(၅) Twitch

Twitch ကတော့ ဂိမ်းလောကထဲမှာ အကြီးဆုံး ဖြစ်ခဲ့ဖူးပါတယ်။ ကွာရန်တင်းကာလ နောက်ပိုင်းမှာတော့ Twitch ဟာ ဖျော်ဖြေရေးနဲ့ ဂိမ်းလောက အထိပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ကပ်ရောဂါ ဖြစ်ပွားတဲ့အခါ အလုပ်မရှိတော့တဲ့ ဒီဂျေတွေက Twitch ကို ပိုမို အသုံးပြုကြပါတယ်။ Twitch မှာ တိုက်ရိုက်ထုတ်လွှင့်ပြီး စကားပြောတာနဲ့ ဖျော်ဖြေရေးလုပ်နိုင်ပြီး ပရိသတ်များလာတာနဲ့ ငွေကြေးများစွာ ရရှိနိုင်ပါတယ်။

(၆) အစားအသောက်ပို့တဲ့ ဝန်ဆောင်မှုများ

ကွာရန်တင်းမှာ လူတွေဟာ အပြင်ထွက်ဖို့ ကြောက်လန့်နေကြတာကြောင့် အစားအသောက်ပို့တဲ့ လုပ်ငန်းတွေက ဒေါ်လာသန်းပေါင်းများစွာ ရရှိခဲ့ပါတယ်။ Instacart, Uber Eats, Postmates နဲ့ Doordash (မြန်မာနိုင်ငံမှာဆိုရင် Foodpanda) လိုမျိုး ကုမ္ပဏီတွေက အစားအသောက်ကို အိမ်ရှေ့ အရောက်ပို့ပေးနိုင်ပါတယ်။

(၇) Telfar

Telfar ကတော့ ၂၀၀၅ ခုနှစ်ကတည်းက ရှိနေပါတယ်။ ဒါပေမဲ့ ကွာရန်တင်းမှာတော့ သူ့တည်ရှိမှု ကြီးလာပါတယ်။ လူမည်း content ဖန်တီသူးတွေက Telfar အိတ် အသေး၊ အလယ်အလတ်နဲ့ အကြီးစားပုံတွေကို တင်နေကြပါတယ်။ အရမ်းနာမည်ကြီးလာတာကြောင့် Telfar လက်ဆွဲအိတ်တွေက တစ်ရက်အတွင်းမှာပဲ ရောင်းကုန်သွားပါတယ်။ ဒီနှစ်အတွင်း ကပ်ရောဂါကြောင့် လူအသေအပျောက် များတာနဲ့ ရဲတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် လူမည်းနဲ့ အခြားလူတွေက လူမည်းတည်ထောင်တဲ့ လုပ်ငန်းတွေကို အားပေးကြဖို့ ဆော်ဩတာကြောင့်လည်း ရေပန်းစားတာလည်း ဖြစ်နိုင်ပါတယ်။

(၈) Grounded

အွန်လိုင်းကနေ အပင်ရောင်းတဲ့ လုပ်ငန်း Grounded ကလည်း စိတ်ကျန်းမာရေးကို ဂရုစိုက်ဖို့ လူနဲ့ အပင်အကြားက ဆက်သွယ်မှုနည်းလမ်းကို ပုံဖော်ပေးဖို့ ထွက်လာပါတယ်။

-စိုးထက်
Ref: Globalgrind

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««