လူသိနည်းသေးတဲ့ Google Maps က လှည့်ကွက် (၆) ခု

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားတာကြောင့် လူတွေက အိမ်မှာပဲ နေထိုင်ကြရပါတယ်။ အခုအခါမှာတော့ မြို့တော်နဲ့ ပြည်နယ်ပန်းခြံတွေ ပြန်လည်ဖွင့်လှစ်ဖို့ တာစူနေကြပါတယ်။ ဒါကြောင့် လူတစ်ဦးချင်းက နေ့စဉ်ရုံးတက်ရုံးဆင်းပြုလုပ်တာ ဒါမှမဟုတ် ယာဉ်မောင်းတဲ့အခါကျရင် လမ်းညွှန်ဝန်ဆောင်မှု လိုလာပါမယ်။ ကံကောင်းစွာနဲ့ပဲ Google Maps မှာ ယာဉ်မောင်းတဲ့အခါ သက်သောင့်သက်သာ ဖြစ်စေဖို့ လူသိနည်းသေးတဲ့ feature တချို့ ပါဝင်လာပါတယ်။ အဲဒီ feature တွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

Live View နဲ့လမ်းလျှောက်ခြင်း

ကားကို သွားရမယ့်နေရာနဲ့ ၅ ဘလောက် အကွာမှာ ရပ်ပြီးတာနဲ့ ဘယ်လိုအရောက်သွားရမလဲကိစ္စက ခက်ခဲနေတတ်ပါတယ်။ Google ရဲ့ Live View tool ကိုသုံးပြီး ဖုန်း screen ကိုကိုင်ထားပြီး အရောက်သွားရမယ့် နေရာကို ကြည့်နိုင်ပါတယ်။ Live View ကိုအသုံးပြုဖို့ သုံးစွဲသူက Google Maps app အတွင်းက Directions ကို နှိပ်ပါ။ မြေပုံအပေါ်ဘက်က Walking icon ကိုရွေးချယ်ပါ။ မျက်နှာပြင်အောက်ခြေက Live View ခလုတ်ကို tap လုပ်ပြီး Start ခလုတ်ကို နှိပ်လိုက်ရုံပါပဲ။ ပြီးရင် ကင်မရာကို ချိန်တွယ်ပြီး အသုံးပြုနိုင်ပါတယ်။

Incognito Mode

Google Maps မှာ Incognito Mode ကိုအသုံးပြုပြီး အခြား Maps သုံးစွဲသူတွေက ခင်ဗျားရဲ့တည်နေရာကို မမြင်ရအောင် လုပ်လို့ရပါတယ်။ Google Maps ကိုဖွင့်ပြီး profile icon ကိုနှိပ်လိုက်ကာ Turn on Incognition Mode ကိုဖွင့်ပေးရပါမယ်။

Maps ကို offline သုံးခြင်း

မြေပုံ အသုံးပြုချိန်မှာ ဖုန်းလိုင်းတွေ ပျောက်တတ်ပါတယ်။ အဲဒီအခြေအနေနဲ့ ရင်ဆိုင်ရတဲ့အခါ ဖြေရှင်းနိုင်ဖို့ Google Maps က လမ်းကြောင်းကို download လုပ်ခွင့်ပေးထားပါတယ်။ သုံးစွဲသူက Google Maps မှာတည်နေရာကို ထည့်သွင်းရပါမယ်။ မျက်နှာပြင်အောက်ခြေက တည်နေရာကို tap လုပ်ရတဲ့အခါ ညာဘက်ထောင့်မှာ အစက် ၃ စက် menu မြင်ရပါမယ်။ Download offline map ကိုနှိပ်လိုက်ရုံပါပဲ။

ခရီးစဉ်တစ်ခုလုံးကို စီစဉ်ခြင်း

Google Maps ဟာ ၇ နာရီ ဒါမှမဟုတ် ၈ နာရီကြာမြင့်မယ့် ခရီးစဉ်တစ်ခုလုံးကို စီစဉ်ပေးပါတယ်။ ဒါ့အပြင် လမ်းသွားရင် ရပ်တန့်မယ့်နေရာတွေ ကိုပါ ထည့်သွင်းနိုင်တဲ့အတွက် ခရီးစဉ်အချိန်ကိုလည်း သိနိုင်ပါတယ်။
Google Maps ထဲဝင်ပြီး တည်နေရာကို ထည့်သွင်းပါ။ Directions ကို tap လုပ်ပါ။ ညာဘက်ထိပ်ဆုံးက အစက် ၃ စက် menu ကိုနှိပ်ပြီး Add stop ကိုရွေးချယ်ပေးပါ။ စိတ်ထဲရှိသလောက်လည်း stop တွေကို ထည့်သွင်းနိုင်ပါတယ်။ ပြီးရင်တော့ Done ကိုနှိပ်လိုက်ရင် ခရီးစဉ် ခန့်မှန်းအချိန်ကို တွက်ချက်ပေးပါတယ်။

ကားပါကင်နေရာ ရှာဖွေခြင်း

Google Maps ထဲဝင်ပြီး တည်နေရာကိုထည့်သွင်းပါ။ Directions ကိုနှိပ်ပါ။ ခန့်မှန်းအချိန်ဘေးက P icon ကိုနှိပ်ပါ။ P icon ကိုနှိပ်လိုက်လို့ အနီရောင် ဖြစ်နေရင် ကားပါကင်ထိုးမယ့်နေရာ အကန့်အသတ်ရှိတယ်ဆိုတာ သတိပေးတာဖြစ်ပါတယ်။ အပြာဆိုရင် ကားပါကင်ထိုးမယ့်နေရာကို အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ ပြီးရင်တော့ Find parking ကိုနှိပ်ပေးလိုက်ရုံပါပဲ။

သွားရမယ့်နေရာကို လေ့လာခြင်း

Google Maps app ထဲဝင်ပြီး ဟိုတယ်လိုမျိုး နေရာကို ထည့်သွင်းပါ။ ဘယ်ဘက်အောက်ခြေမှာ အဆောက်အဦ ဓာတ်ပုံတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဟိုတယ်ရဲ့ street view ကိုမြင်တွေ့ရပြီး tap လုပ်ကာ ကြည့်နိုင်ပါတယ်။

စိုးထက်
Ref: CNET