လူသားထိန်းချုပ်မှုမပါဝင်ဘဲ အလိုအလျောက်မောင်းနှင်နိုင်တဲ့ ကားတွေကို General Motors စတင်တည်ဆောက်နေ

General Motors ဟာ ကုမ္ပဏီကပိုင်ဆိုင်တဲ့ အလိုအလျောက်ကားဌာနခွဲ Cruise နဲ့ပူးပေါင်းပြီး အလိုအလျောက်မောင်းနိုင်တဲ့ Chevy Bolt လျှပ်စစ်ကား hardware ကို စတင်တည်ဆောက်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် လအနည်းငယ်အတွင်း software အဆင်သင့်ဖြစ်တာနဲ့ လူသားပါဝင်မောင်းနှင်စရာမလိုတဲ့ တတိယမြောက်မျိုးဆက် Bolt လျှပ်စစ်ကားကို စတင်ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

GM ကုမ္ပဏီသာမကဘဲ အခြားကုမ္ပဏီတွေကလည်း အလိုအလျောက်မောင်းနှင်နိုင်တဲ့ လျှပ်စစ်ကားတွေကိုတည်ဆောက်ဖို့ ကြိုးစားနေကြပါတယ်။ ကုမ္ပဏီတော်တော်များများ အနေနဲ့ အလိုအလျောက်လျှပ်စစ်ကား ထုတ်လုပ်နိုင်တဲ့ အခြေအနေရောက်ဖို့ အလှမ်းဝေးပါသေးတယ်။
ယနေ့ခေတ်မှာ ဆန်ဖရန်စစ္စကိုနဲ့ ပစ်တ်ဘတ်တို့လို မြို့ပြ လမ်းမတွေမှာ semi-autonomous ကားအများစုကို စမ်းသပ်နေပါတယ်။ လူသားပါဝင် ထိန်းချုပ်ရတဲ့ semi-autonomous ကားတွေကိုထုတ်လုပ်ပြီးတာနဲ့ လိုအပ်တဲ့ ရေဒါနဲ့ အာရုံခံစနစ်တွေ အဓိက တပ်ဆင်ရပါတယ်။ ဒီအလိုအလျောက်ကား Bolt လျှပ်စစ်ကားတွေမှာကျတော့ ရေဒါနဲ့ အာရုံခံစနစ်တွေ built in ပါဝင်လာပါတယ်။ GM အနေနဲ့ Bolt အလိုအလျောက်ကား အစီးရေ ၅၀ နီးပါး ထုတ်ထားပြီးပြီလို့ သိရပါတယ်။

GM နဲ့ Cruise တို့ပူးပေါင်းဖန်တီးထားတဲ့ software က ယာဉ်မောင်းမပါဘဲ မောင်းနှင်နိုင်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ယုံကြည်နေကြပါတယ်။ တကယ်လို့ software အဆင်သင့်ဖြစ်တာနဲ့ GM က ကားတွေကို အမြောက်အမြား စတင်ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။

စိုးထက်
Ref: Recode