လူမှုဖူလုံရေးငွေကြေးအကျိုးခံစားခွင့်ရရှိသူများ အကျိုးခံစားခွင့် ထောက်ပံ့ငွေများကို Wave Money ဖြင့်ထုတ်ယူနိုင်မည်

မြန်မာနိုင်ငံရှိ လူမှုဖူလုံရေးအကျိုးခံစားခွင့်ရှိသူတွေရဲ့ အကျိုးခံစားခွင့်တွေအတွက် တရားဝင် လုပ်ကိုင်ခွင့်ရ အွန်လိုင်းငွေပေးချေမှု ပလက်ဖောင်းတစ်ခုအဖြစ် Wave Money ကို ဧပြီ ၆ ရက်က ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။

လူမှုဖူလုံရေးငွေကြေး အကျိုးခံစားခွင့် ရရှိသူတွေ အနေနဲ့ ၎င်းတို့ရဲ့ အကျိုးခံစားခွင့် ထောက်ပံ့ငွေများကို Wave Money ဖြင့် ထုတ်ယူလိုပါက နီးစပ်ရာလူမှုဖူလုံရေးရုံးသို့ သွားရောက်ကာ လိုအပ်သော အချက်အလက်များကို ရုံးမှပေးသောဖောင်တွင်ဖြည့်စွက်ရမှာဖြစ်ကြောင်း၊ WavePay app ကို ဖုန်းတွင် ထည့်သွင်းရန်လိုအပ်ကြောင်း၊ အကျိုးခံစားခွင့်ရရှိသူတွေ အနေနဲ့ လူမှုဖူလုံရေးရုံးမှပေးပို့တဲ့ ထုတ်ယူခွင့် စာတို(message) ရရှိပါက မည်သည့် Wave Money ဆိုင်တွင်မဆို အကျိုးခံစားခွင့် ထောက်ပံ့ငွေတွေကို ထုတ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

“အွန်လိုင်းငွေပေးချေမှုစနစ်က မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေအားလုံးအတွက် အရေးအကြီးဆုံး လိုအပ်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ Wave Money အနေနဲ့ ဒီလိုအပ်ချက်ကို လွယ်ကူ လျင်မြန်ပြီး ပိုမိုစိတ်ချရတဲ့ နည်းလမ်းတွေနဲ့ ဖြည့်ဆည်းပေး ချင်ပါတယ်။ ပြည်သူတွေအားလုံးပါဝင်နိုင်တဲ့ ငွေသားမဲ့လူ့အဖွဲ့အစည်းတစ်ခုကို အကောင်အထည်ဖော်ဆောင်သွားဖို့ ဆိုတာက Wave Money အနေနဲ့လည်း ကတိပြုထားတဲ့အတိုင်း မြန်မာနိုင်ငံ လူမှုဖူလုံရေးအဖွဲ့အတွက် လုပ်ကိုင်ခွင့်ရအွန်လိုင်းငွေပေးချေမှု ပလက်ဖောင်းတစ်ခုအဖြစ် ဝန်ဆောင်မှုပေးခွင့်ရတဲ့အတွက် ကျွန်တော်တို့ တကယ့်ကို အထူးဝမ်းမြောက်ဂုဏ်ယူမိပါတယ်” လို့ Wave Money ရဲ့ အမှုဆောင် အရာရှိချုပ် Brad Jones က ပြောပါတယ်။

ဝန်ဆောင်မှုစတင်လုပ်ဆောင်ရာမှာ Wave Money အနေနဲ့ ယခုကာလတွင် ပြည်သူများအတွက် အလိုအပ်ဆုံးဖြစ်သော ဆေးကုသမှုနဲ့ COVID-19 စောင့်ကြည့်ခံရသူများ အတွက် ထောက်ပံ့ပေးတဲ့ လူမှုဖူလုံရေး ငွေကြေးအကျိုးခံစားခွင့်များ၊ ကိုယ်ဝန်ဆောင်မိခင်များ မကျန်းမာမှုအကျိုးခံစားခွင့်နဲ့ ဆေးဖိုးစိုက်ထုတ် ကုန်ကျငွေများ ပြန်လည်ထုတ်ပေးခြင်းတို့ကို Pilot အစီအစဉ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး နောင်တွင် ထပ်တိုးလုပ်ဆောင်မယ့် ဝန်ဆောင်မှုတွေကို Wave Money မှ ထပ်မံကြေညာ ပေးသွားမယ်လို့ သိရပါတယ်။

လူမှုဖူလုံရေးစီမံကိန်းကို ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအရ သက်ဆိုင်သည့် အစိုးရဝန်ထမ်းများ၊ အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ မှတ်ပုံတင်ပြီးသော အလုပ်သမားများ၊ ပုဂ္ဂလိကကဏ္ဍများမှ ဝန်ထမ်းများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ၊ ငွေကြေးအကျိုးခံစားခွင့်များ၊ ထည့်ဝင်ကြေးများပေးသွင်းခြင်းတို့ကို အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လက်အောက်ရှိ လူမှုဖူလုံရေးအဖွဲ့ (Social Security Board – SSB) မှ တာဝန်ယူ ဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။

-အောင်သူ