လူမျိုးရေး၊ လိင်ပိုင်းဆိုင်ရာနဲ့ LGBTQ အခြေခံတိုက်ခိုက်မှုတွေကို ပယ်ဖျက်သွားမယ့် YouTube ရဲ့ပေါ်လစီသစ်

YouTube အနေနဲ့ လူမျိုးရေး၊ ကျား/မ ခွဲခြားမှုနဲ့ လိင်ပိုင်းဆိုင်ရာတိမ်းညွှတ်မှုအပေါ် မူတည်ပြီး လူတွေကို တိုက်ခိုက်တဲ့ ဗီဒီယိုတွေကို ဖယ်ရှားမှုအပြင် ဝက်ဘ်ဆိုက်အတွက် နှောင့်ယှက်တိုက်ခိုက်မှု တုံ့ပြန်ရေးပေါ်လစီတွေကို တင်းကျပ်ခဲ့ပါတယ်။ လူတွေကို နှောင့်ယှက်တိုက်ခိုက်မှုတွေကို တားမြစ်သွားမှာ ဖြစ်ပြီး တိုက်ခိုက်စော်ကားလေ့ရှိတဲ့ ဗီဒီယိုတင်သူတွေကိုတော့ ဗီဒီယိုကနေ ငွေကြေးရှာဖွေနေတာကို တားဆီးသွားမယ်လို့ သိရပါတယ်။

Google ကပိုင်ဆိုင်တဲ့ YouTube ဟာ ပြိုင်ဘက်မရှိ ဗီဒီယိုတွေ ထုတ်လုပ်နေတဲ့ စက်တစ်ခုအဖြစ် အသွင်ပြောင်းလဲလာပြီး လစဉ်ကြည့်ရှုသူဦးရေ ၂ ဘီလျံ ရှိတဲ့ ဝန်ဆောင်မှုမှာ မိနစ်နဲ့အမျှ မိနစ် ၅၀၀ စာရှိတဲ့ content တွေတင်နေကြပါတယ်။ ဒါပေမဲ့ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ content ဒါမှမဟုတ် အန္တရာယ်ရှိစေတဲ့ တိုက်ခိုက်မှု ဗီဒီယိုတွေကို အရေးယူဖို့ ပျက်ကွက်ခဲ့တဲ့အတွက် လူများစွာက YouTube ကိုဝေဖန်နေကြပါတယ်။

အပြောင်းအလဲအသစ်တွေနဲ့အတူ YouTube က အဲဒီဗီဒီယိုတွေကို အရေးယူဖို့ ပြင်ဆင်နေပါတယ်။ လူမျိုးရေး၊ ကျား/မ ဖြစ်မှုနဲ့ လိင်ပိုင်းဆိုင်ရာတိမ်းညွှတ်မှုလိုမျိုးအပေါ် အခြေခံပြီး တစ်စုံတစ်ယောက်ကို တိုက်ခိုက်တဲ့ ဗီဒီယိုကို ခွင့်ပြုသွားမှာ မဟုတ်ဘူးလို့ ကုမ္ပဏီကပြောထားပါတယ်။ လူတစ်ဦးချင်း၊ အခြားဗီဒီယိုဖန်တီးသူ၊ နိုင်ငံရေးသမားနဲ့ ကျော်ကြားထင်ရှားသူတွေကို ဦးတည်တိုက်ခိုက်တဲ့ ဗီဒီယိုတွေကို ဖြုတ်ချမယ်လို့ ပေါ်လစီသစ်မှာ ဖော်ပြထားပါတယ်။

စိုးထက်
Ref: CNET