လူငယ်များအတွက် Taste of Dream Profession ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲပြုလုပ်မည်

သာမန် အလုပ်အကိုင်ပြပွဲများကဲ့သို့ မဟုတ်ဘဲ လူငယ်များအနေနဲ့ မိမိစိတ်ကူး အိပ်မက်ကို အကြိုလေ့လာနိုင်စေဖို့ Taste of Dream Profession ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတစ်ရပ်ကို ဒီဇင်ဘာ ၁၅ ရက်၊ Rose Garden ဟိုတယ်မှာ ကျင်းပမှာဖြစ်ပါတယ်။

လူငယ်များ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ဆောင်ရွက်လျက်ရှိတဲ့ Myanmar Youth Inititate (MYI) နဲ့ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုကောင်းမွန်လာစေရေး ရှေးရှုလျက်ရှိတဲ့ Intern Plus Myanmar တို့ ပူးပေါင်းပြီး ယခုအစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
“လူငယ်တွေအနေနဲ့ ကိုယ်လုပ်ချင်တဲ့ အလုပ်တစ်ခုကို သေသေချာချာ သိတယ်၊ ဒါပဲ လုပ်မယ်၊ သေချာတယ်ဆိုတာ ရှားပါတယ်။ ကျွန်မတို့လည်း ငယ်ငယ်က ဒီလိုပဲ ဖြစ်ခဲ့တာပါပဲ။ အလုပ်ကို တကယ် စမလုပ်ခင်မှာ သိချင်တယ်။ စူးစမ်းချင်တယ်၊ ဒါပေမဲ့ သေသေချာချာ ပြောပြပေးနိုင်မယ့်သူတော့ ကိုယ့်ပတ်ဝန်းကျင် မှာ ရှာမတွေ့ခဲ့ပါဘူး။ တကယ် လုပ်နေတဲ့ သူကမှ ရေရေရာရာ ရှင်းပြနိုင်မှာကိုး။ ဒါနဲ့ပဲ လူငယ်တွေခမျာ ဒါ စိတ်ဝင်စားတယ်၊ စမ်းလျှောက်ကြည့်လိုက်၊ တကယ်ကျ ကိုယ်နဲ့ မကိုက်လိုက်၊ နောက်တစ်ခု ပြောင်းလိုက်နဲ့ ဖြစ်ရပါတယ်။ အလုပ်တွေ ဟိုကူး ဒီကူး ကူးရတဲ့အခါ လုပ်သက် ကောင်းကောင်း မရှိဘူး။ အကျိုးခံစားခွင့်ရတာတွေ နည်းလာပါတယ်။ ဒါကြောင့် လူငယ်တွေကို ကိုယ့်စိတ်ကူးအိပ်မက်က ကိုယ်နဲ့ ကိုက်ညီမညီ အစမ်းမြည်းစမ်းကြည့်လို့ရအောင် ကျွန်မတို့ ဒီပွဲလေးကို စီစဉ်ဖြစ်တာပါ” လို့ MYI ဥက္ကဋ္ဌ မချိုမာဝင်းက ပြောပါတယ်။

Tasge of Dream Profession တွင် ပါဝင်ဆွေးနွေးပေးရန်အတွက် သက်ဆိုင်ရာ လုပ်ငန်းခွင် နယ်ပယ်များမှာ ကျွမ်းကျင်ပညာရှင်များဖြစ်တဲ့ အန်တီဂရေ့စ် (ခေါ်) ဒေါ်ဆွေဇင် ထိုက်၊ ပါမောက္ခ ဦးအေးကျော်၊ မ Laura Cho, ကိုဇော်မင်းအောင်နဲ့ မငုဝါဝင်းတို့မှ ပါဝင်ဆွေးနွေးပေး သွားမှာဖြစ်ပါတယ်။လူငယ်များ လက်တွေ့လုပ်ငန်းခွင် ဝင်ရာတွင် ပိုမိုကောင်းမွန်တဲ့၊ သင့်တော်ကိုက်ညီတဲ့ အလုပ်များရရှိစေရန်အတွက် ယခု Taste of Dream Profession မှာ အလုပ်သင်အဖြစ် လုပ်ကိုင်ကြည့်လိုပါကလည်း မိမိ Resume နဲ့တကွ လျှောက်ထားနိုင်မယ်လို့ သိရပါတယ်။

“Intern Plus ကတော့ Graduate Students တွေကို အလုပ်အကိုင်ရရှိအောင် ကူညီနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တာနဲ့ အညီ ဒီပွဲမှာ အရည်အချင်းရှိတဲ့ ကျောင်းသားတွေကို သတ်မှတ်ပေးမယ့် Premium Student ဆိုတဲ့ Program ဆိုတာလေး လုပ်သွားပေးဖို့ စီစဉ်ပေးထားပါတယ်။ ကျွန်မတို့ အလုပ်ခေါ်ယူတဲ့ ရင်ဆိုင်နေရတာ Quality & Quantity ပါ အလုပ်လျှောက်တဲ့သူတွေများပေမယ့် Quality ဖြစ်တဲ့ သူူတွေအတွက် ဘယ်လို လုပ်လို့ရနိုင်မလဲဆိုတဲ့ အစီအစဉ်တွေ Intern Plus Booth မှာ လာရောက် လျှောက်ထားနိုင်ဖို့ ဒီပွဲမှာ ဖွင့်ပေးထားမှာဖြစ်လို့ ကျောင်းသားတွေကို ဒီအခွင့်အရေးကို လက်မလွတ်စေချင်ပါဘူး” လို့ Intern Plus ရဲ့ CEO ဖြစ်သူ မသူသူအောင်က ပြောပါတယ်။

-အောင်သူ