လူကြည့်အများဆုံး ထိပ်တန်းရုပ်ရှင်တွေကို စာရင်းနဲ့ဖော်ပြပေးမယ့် Netflix

Netflix ဟာ ဝန်ဆောင်မှုမှာ ပြသနေတဲ့ ရုပ်ရှင်နဲ့ တီဗီအစီအစဉ်တွေကို လူဘယ်လောက်ကြည့်လဲဆိုတာနဲ့ ပတ်သက်ပြီး မထုတ်ပြန်ခဲ့ပါဘူး။ အခုဆိုရင် Netflix ကပွင့်လင်းမြင်သာတဲ့ ခြေလှမ်းတစ်ရပ်ကို ဆောင်ရွက်နေပါပြီ။

Netflix ဟာ နေ့စဉ် update လုပ်ပေးမယ့် ရေပန်းအစားဆုံး ထိပ်တန်းအစီအစဉ်နဲ့ ရုပ်ရှင် ၁၀ မျိုးကို ပြသမယ့် feature သစ်ကို ထည့်သွင်းတော့မှာ ဖြစ်ပါတယ်။ Netflix ဟာ အခု feature ကိုမက္ကဆီကိုနဲ့ ယူကေအတွင်း စမ်းသပ်နေတယ်လို့ ကုမ္ပဏီက ပြောခဲ့ပါတယ်။

“မက္ကဆီကိုနဲ့ ယူကေနိုင်ငံအတွင်းက သုံးစွဲသူတွေအတွက် အလွန်အသုံးဝင်တာကို တွေ့ရှိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အခြားနိုင်ငံတွေဆီ ဖြန့်ချိသွားမှာ ဖြစ်ပါတယ်” လို့ Netflix ထုတ်ကုန်တီထွင်ဆန်းသစ်ရေး ကြီးကြပ်သူ ကင်မရွန်ဂျွန်ဆင်ကပြောခဲ့ပါတယ်။

Netflix မှာ ထိပ်တန်းအစီအစဉ်နဲ့ ရုပ်ရှင် ၁၀ မျိုးပါဝင်လာရင် ကြည့်ရှုသူတွေအတွက် ပိုမိုလွယ်ကူလာပါမယ်။ Netflix ရဲ့ algorithm တွေက ကြည့်ရှုသူတွေ တီဗီအစီအစဉ်တွေ ရှာဖွေရာမှာ လွယ်ကူစေပြီး ရွေးစရာများစွာ တွေ့လာပါမယ်။ ကြည့်ရှုသူတွေက ရုပ်ရှင်၊ အစီအစဉ်တစ်ခုခုကို ကြည့်ရှုဖို့ ရွေးချယ်တဲ့နေရာမှာ အချိန်များစွာ အသုံးပြုနေရပါတယ်။

Netflix ဟာ ကမ္ဘာ့အကြီးဆုံး streaming ဝန်ဆောင်မှုဖြစ်ပြီး ကြည့်ရှုတဲ့ပမာဏကို မထုတ်ပြန်တဲ့အတွက် တီဗီနဲ့ ရုပ်ရှင်လုပ်ငန်းပိုင်းက စိတ်မသက်မသာဖြစ်နေကြပါတယ်။ သမားရိုးကျ တီဗီနဲ့ မတူတဲ့ Netflix ဟာ အချက်အလက်တွေကို မထုတ်ပြန်တဲ့အတွက် ပရိသတ်တွေရဲ့ စိတ်ကြိုက် အစီအစဉ်တွေ ဘာကြောင့် ဖျက်သိမ်းလဲဆိုတာလဲ မသိရပါဘူး။

ဒီဇင်ဘာလမှာ Netflix က ၃၃ နိုင်ငံအတွင်းက ထိပ်တန်းအစီအစဉ် ၁၀ ခုကို ဖော်ပြခဲ့ပါတယ်။ Netflix ဟာ ဝန်ဆောင်မှုပေါ်က အစီအစဉ်နဲ့ ရုပ်ရှင်ကို ကြည့်ရှုတဲ့ပမာဏကို ပြည့်စုံစွာ ဖော်ပြခဲ့ဖူးပါတယ်။

စိုးထက်
Ref: Bloomberg