လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ အရည်အသွေးမြှင့်တင်ရေး အစီအစဉ်အတွက် ဖင်လန်နိုင်ငံအစိုးရနှင့် ယူနက်စကိုကူညီ

ပညာရေးအတွက် လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ အရည်အသွေး မြှင့်တင်ရေးအစီအစဉ် အတွက် ဖင်လန်နိုင်ငံအစိုးရနဲ့ ယူနက်စကိုတို့က နည်းပညာအကူအညီ၊ ဘဏ္ဍာရေး အကူအညီတို့ ပံ့ပိုးပေးခဲ့တယ်လို့ မြန်မာနိုင်ငံလုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအရည်အသွေး မြှင့်တင်ရေးစီမံချက်၏ ဦးဆောင် ကော်မတီ အစည်းအဝေးမှ သိရပါတယ်။

ပညာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံဆရာအတတ် ပညာရေးအတွက် လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ အရည်အသွေး မြှင့်တင်ရေးအစီအစဉ်အား နည်းပညာအကူအညီ၊ ဘဏ္ဍာရေးအကူအညီတို့ ပံ့ပိုးပေးသည့် ဖင်လန်နိုင်ငံအစိုးရနှင့် ယူနက်စကိုတို့ကို အထူးကျေးဇူးတင်ရှိကြောင်း၊ မြန်မာနိုင်ငံ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအရည်အသွေး မြှင့်တင်ရေးစီမံချက် ဒုတိယအပိုင်း (STEM Project Phase II) ကာလအတွင်း ပညာရေးဒီဂရီကောလိပ် (၂၅) ကျောင်းတွင် မူဝါဒနှင့် သင်ကြားသင်ယူမှု စွမ်းဆောင်ရည်များ တိုးမြှင့်ခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း၊ ပညာရေးဒီဂရီကောလိပ် သင်ရိုးသစ်ရေးဆွဲခြင်း၊ ကျား၊ မ ရေးရာ တန်းတူညီမျှမှု၊ ငြိမ်းချမ်းရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုနှင့် ဆရာ့အခွင့်အလမ်း စသည်တို့တွင် နည်းပညာအကူအညီရယူ ဆောင်ရွက်ခဲ့ကြောင်း၊ ၂ နှစ်သင် ပညာရေးကောလိပ်များကို ၄ နှစ်သင် ပညာရေးဒီဂရီကောလိပ်အဆင့်သို့ တိုးမြှင့်ခဲ့ပြီးဖြစ်ကြောင်း၊ ပညာရေးဒီဂရီကောလိပ် ပထမနှစ်၊ ဒုတိယနှစ်ဝက်နှင့် ဒုတိယနှစ် သင်ရိုး ပုံနှိပ်စာအုပ်၊ ဆရာလမ်းညွှန်စာအုပ်တို့ကို ပုံနှိပ်ထုတ်ဝေရန် စီစဉ်ဆောင်ရွက်ပြီးဟု သိရကြောင်း၊ အခြေခံပညာ၊ ဆရာများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင်ကို ရေးဆွဲရာတွင် ကူညီပံ့ပိုးမှုအား ကျေးဇူးတင်ရှိကြောင်း၊ အဆိုပါ အစီအစဉ်မှာ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ကို အထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း၊ ကူညီပံ့ပိုးပေးမှုများ အတွက် ကျေးဇူးတင်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။

အစည်းအဝေးကို အောက်တိုဘာ ၇ ရက်က ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်သံအမတ်ကြီး H.E. Riikka Laatu, Ms Sanna Takala, Counsellor (Development), Embassy of Finland; Ms Min Jeong Kim, Head of Office, UNESCO Myanmar နဲ့ အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ အမျိုးသားပညာရေးအဆင့်အတန်းနှင့်အရည်အသွေးအာမခံမှုအကဲဖြတ်ရေးကော်မတီ၊ အမျိုးသား သင်ရိုး ညွှန်းတမ်းကော်မတီတို့မှ အဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာန၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ UNESCO Myanmar Office မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««