လိုင်းပေါ် ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ဗီဒီယိုကို Facebook, Twitter နဲ့ YouTube တို့ဖြုတ်ချ

ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ သတင်းမှားပါဝင်တဲ့ ဗီဒီယိုဟာ ကြည့်ရှုသူ သန်းပေါင်းများစွာ ကျော်သွားပြီးတဲ့နောက် Facebook, Twitter နဲ့ YouTube တို့က ဖြုတ်ချလိုက်ပါတယ်။

အဲဒီ ဗီဒီယိုကို လက်ညာယိမ်း သတင်းဌာန Breitbart က ဖန်တီးထားပါတယ်။ ဗီဒီယိုမှာ ကုတ်အင်္ကျီအဖြူ ဝတ်ဆင်ထားသူ တစ်စုက ဝါရှင်တန်ပြည်နယ်က အမေရိကန်တရားလွှတ်တော်ရုံးချုပ်မှာ သတင်းစာရှင်းလင်းပွဲ လုပ်နေတာကို ပုံဖော်ထားပါတယ်။ ဒါ့အပြင် ဗီဒီယိုထဲမှာ ငှက်ဖျားကုနိုင်တဲ့ hydroxychloroquine ဆေးက Covid အတွက်ဆေးဖြစ်နိုင်ပြီး ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို နှေးကွေးဖို့ မျက်နှာကာ မလိုဘူးလို့ ပြောထားပါတယ်။

ဗီဒီယိုထဲက ပြောကြားချက်က ဗိုင်းရပ်စ်ပျံ့ပွားမှုကို တားဆီးဖို့ ကျန်းမာရေးအာဏာပိုင်တွေ ထုတ်ပြန်ထားတာနဲ့ ကွဲလွဲနေပါတယ်။ပြီးခဲ့တဲ့လက အမေရိကန် စားသောက်ကုန်နဲ့ ဆေးဝါးကြီးကြပ်ရေးအဖွဲ့က chloroquine နဲ့ hydroxychloroquine အရေးပေါ်အသုံးပြုမှုကို အဆုံးသတ်သွားပြီး Covid-19 ကုသရေးအတွက် ထိရောက်မှုမရှိဘူးလို့ ကြေညာထားပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့အတွင်း Facebook မှာ ဗီဒီယို ကြည့်ရှုသူ သန်း ၂၀ အထိ ရှိလာပါတယ်။

သမ္မတဒေါ်နယ်ထရမ့်ကလည်း ဗီဒီယိုဗားရှင်းအချို့ကို Twitter မှာ follow လုပ်ထားတဲ့ ၈၄ သန်းအတွက် ဝေမျှခဲ့ပါသေးတယ်။ ဒါပေမဲ့ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့ကတော့ လူတွေ မျက်နှာကာ တပ်ဆင်ဖို့လည်း နှိုးဆော်ခဲ့ပါတယ်။

-စိုးထက်
Ref: CNBC