အမေရိကန် YouTube ကြယ်ပွင့်ဖြစ်သူ လိုဂန်ပေါလ်ဟာ ဂျပန်နိုင်ငံတွင်းက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သူရဲ့ ရုပ်အလောင်းပါဝင်တဲ့ ဗီဒီယိုတစ်ခုကြောင့် အပြင်းအထန် ဝေဖန်ခံနေရပါတယ်။
အဲဒီဗီဒီယိုထဲမှာ လိုဂန်ပေါလ်နဲ့ သူငယ်ချင်းတွေဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုတွေ ပြုလုပ်လေ့ရှိတဲ့ ဖူဂျီတောင်ခြေက အာကီဂိုဟာရာတောအုပ်မှာ ရောက်ရှိနေတာကို ပြသထားပါတယ်။
သူတို့ဟာ ဗီဒီယိုရိုက်ကူးဖို့အတွက် ချောက်ချားစရာကောင်းတဲ့ တောအုပ်ထဲကို ဝင်သွားတဲ့အခါမှာ လူတစ်ယောက်ရဲ့ ရုပ်အလောင်းကို မြင်တွေ့ခဲ့ရပြီး ထိတ်လန့်ခဲ့ပေမယ့် ဟာသတွေ လုပ်ခဲ့ပါတယ်။
အဲဒီဗီဒီယိုဟာ လေးစားသမှုမရှိသလို ရွံ့စရာကောင်းတယ်လို့ အွန်လိုင်းသုံးစွဲသူတွေက ဝေဖန်ခဲ့ပါတယ်။
တနင်္ဂနွေနေ့က တင်ခဲ့တဲ့ အဲဒီဗီဒီယိုကို YouTube ကနေ မဖြုတ်ချခင်မှာ ကြည့်ရှုတဲ့အရေအတွက် သန်းနဲ့ချီ ရှိခဲ့ပါတယ်။
လိုဂန်ပေါလ်ရဲ့ channel ကို YouTube မှာ subscribe လုပ်ထားသူ ၁၅ သန်းရှိပြီး လိုဂန်ပေါလ်က အဲဒီဗီဒီယိုအတွက် တောင်းပန်တဲ့စာကို Twitter မှာ တင်ခဲ့ပါတယ်။ အံ့အားသင့်သွားတာကြောင့် လွဲမှားတဲ့အပြုအမူ ဖြစ်ပျက်ခဲ့တာလို့ လိုဂန်ပေါလ်က ပြောခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ လိုဂန်က တောင်းပန်တဲ့ဗီဒီယိုတစ်ခု တင်ခဲ့ပါတယ်။ “အဲဒီဗီဒီယိုကို ကျွန်တော် မတင်ခဲ့မိသင့်ပါဘူး။ ကျွန်တော်တို့ ကြုံတွေ့နေရတာကို မှတ်တမ်းမတင်သင့်ဘဲ ကင်မရာကို ပိတ်လိုက်သင့်ပါတယ်။ အရှက်ရမိပါတယ်။ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မိပါတယ်” လို့ လိုဂန်က ပြောပါတယ်။
Dear Internet, pic.twitter.com/42OCDBhiWg
— Logan Paul (@LoganPaul) January 2, 2018
ဂျပန်နိုင်ငံဟာ ဖွံ့ဖြိုးပြီးနိုင်ငံထဲမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုအမြင့်ဆုံး နိုင်ငံတွေထဲကတစ်ခု ဖြစ်ပါတယ်။
ဂျပန်နိုင်ငံအတွင်းက အာကီဂိုဟာရာတောအုပ်ဟာ ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်တွေ ဖြစ်ပေါ်ရာ အရပ်တစ်ခု ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုသူတွေ သွားရောက်ကြတဲ့ နေရာတစ်ခုအဖြစ် နိုင်ငံတကာမှာ ကျော်ကြားပါတယ်။
လူသိများတဲ့ကိစ္စကိုရှောင်လွှဲဖို့ နှစ်စဉ် တောအုပ်ထဲမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ကြသူတွေ အရေအတွက်ကို မထုတ်ပြန်ခဲ့ပါဘူး။
လူတွေအနေနဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်မယ့်အစား ဆေးပညာရပ်ဆိုင်ရာ အကူအညီရယူဖို့ တိုက်တွန်းထားတဲ့ ဆိုင်းဘုတ်တွေကို တောအုပ်ထဲမှာ ထားရှိထားတယ်လို့ သိရပါတယ်။
စိုးထက်
Ref: BBC