လာမယ့်နှစ် အားလပ်ရက်ရာသီမှာ ရောင်းချမယ့် မျက်နှာပြင်နှစ်ခုပါဝင်တဲ့ Surface Neo

Microsoft ဟာ မျက်နှာပြင် နှစ်ခုပါဝင်တဲ့ ထုတ်ကုန်ကို လုပ်ကိုင်နေတာ ၁၀ နှစ်ကျော်ရှိပြီလို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ အခုအခါမှာ အဲဒီထုတ်ကုန်ကို တရားဝင် မိတ်ဆက်လိုက်ပါတယ်။ Microsoft ဟာ Surface ပွဲမှာ Surface Neo laptop ကို တရားဝင်မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ အဲဒီထုတ်ကုန်မှာ Windows ဗားရှင်းသစ် Windows 10X အသုံးပြုထားပါတယ်။

Surface Neo ထုတ်ကုန်ဟာ ရှေ့ပြေးပုံစံပဲ ရှိသေးပါတယ်။ Surface Neo ထုတ်ကုန်မှာ မျက်နှာပြင်နှစ်ခု ပါဝင်ပြီး မျက်နှာပြင်တစ်ခုစီမှာ မတူညီတဲ့ လုပ်ငန်းတွေ လုပ်ဆောင်နိုင်ပါတယ်။

မျက်နှာပြင်တစ်ခုစီရဲ့ အရွယ်အစားက ၉ လက်မရှိကာ အထူကတော့ ၅.၆ မီလီမီတာနဲ့ အလေးချိန် ၆၅၅ ဂရမ် ရှိပါတယ်။ Surface Neo မှာ Gorilla Glas နဲ့ အပါးလွှာဆုံး LCD ကိုဖန်တီးထည့်သွင်းတယ်လို့ Microsoft ရဲ့ထုတ်ကုန်အကြီး အကဲအရာရှိ ပါနေကပြောခဲ့ပါတယ်။

Surface Neo ဟာ အရမ်းမကြီးမားပေမယ့် ထုတ်ကုန်ကို ခေါက်လိုက်ရင် notbook အကြီးစားနဲ့ဆင်ပါတယ်။ Surface Neo မှာ Intel ချစ်ပ်ကို အသုံးပြုထားပြီး စိတ်ကြိုက်ဖန်တီးထားတဲ့ Intel Lakefield ပရိုဆက်ဆာ ဖြစ်ကာ မျက်နှာပြင်နှစ်ခုစလုံးကို အသုံးပြုဖို့ ၁၁ ခုမြောက်မျိုးဆက် graphic engine နဲ့အတူ hybrid ပရိုဆက်ဆာလို့ ခေါ်ထားပါတယ်။

Surface Neo ရဲ့ကျောဘက်မှာ Surface Pen နဲ့အသုံးပြုထားပြီး keyboard ကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကျောဘက်မှာ keyboard ကို သံလိုက်နဲ့တွဲကာ ချိတ်ထားနိုင်ပြီး မျက်နှာပြင်ရဲ့အပေါ်ဘက်မှာ ထည့်ကာ ခေါက်ထားနိုင်ပါတယ်။ ဒါ့အပြင် သုံးစွဲသူက သီးခြား keyboard ကိုအသုံးပြုပြီး မျက်နှာပြင်နှစ်ခုစလုံးကို အပြည့်အဝ မြင်နိုင်အောင် လုပ်ထားနိုင်ပါတယ်။

Surface Neo မှာ ၃၆၀ ဒီဂရီအထိ လှည့်နိုင်တဲ့ ပတ္တာပါဝင်တဲ့အတွက် ပုံစံအမျိုးမျိုးနဲ့ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် သုံးစွဲသူက physical keyboard ကို မသုံးလိုတဲ့အခါမှာ အခြားမျက်နှာပြင်တစ်ခုကို keyboard အဖြစ် အသုံးချနိုင်ပါတယ်။

Windows 10X မှာ Start Menu နဲ့ task bar အသစ်တွေပါဝင်လာပေမယ့် Windows 10 နဲ့ဆင်ပါတယ်။ Surface Neo ထုတ်ကုန်ရဲ့ မျက်နှာပြင်တစ်ခုစီမှာ မတူညီတဲ့ app တစ်မျိုးစီ အသုံးပြုတဲ့အခါ ထုတ်ကုန်ကို လှည့်လိုက်တဲ့အချိန် app တွေက အလိုအလျောက် reflow ဖြစ်အောင် ပြုလုပ်ပေးထားတယ်လို့ ကုမ္ပဏီရဲ့ software အင်ဂျင်နီယာအကြီးအကဲ ကာမန်ဇက်လတ်ဖ်က ပြောထားပါတယ်။

Surface Neo မှာ Office အပါအဝင် app အားလုံးကို ထောက်ပံ့ထားတယ်လို့ ဇက်လတ်ဖ်ကပြောခဲ့ပါတယ်။ ဒါ့အပြင် Surface Neo မှာ Windows app တွေကိုအသုံးပြုနိုင်ဖို့ သီးခြားနည်းပညာအသုံးပြုသွားမယ်လို့ ကောလာဟလသတင်းလည်း ထွက်ပေါ်နေပါတယ်။

စိုးထက်
Ref: TheVerge