လစာ ၁၀ သိန်းအထက်ဝင်ငွေရှိသော ဝန်ထမ်းများ မော်တော်ကား အရစ်ကျဝယ်ယူနိုင်ရန် ဆူဇူကီးနှင့် မြန်မာရှေ့ဆောင်ဘဏ်ပူးပေါင်းစီစဉ်

ပြည်တွင်းက လုပ်ခလစာ ၁၀ သိန်း အနည်းဆုံးရရှိတဲ့ ဝန်ထမ်းတွေနဲ့ မိသားစုဝင်ငွေ ၁၀ သိန်းအထက် ရှိသူတွေအတွက် ကြားခံအာမခံပေးမယ့်သူ မလိုတော့ဘဲ မော်တော်ကားအရစ်ကျ ဝယ်စီးနိုင်ဖို့ ဆူဇူကီးနဲ့ မြန်မာရှေ့ဆောင်ဘဏ် ပူးပေါင်းဆောင်ရွက် လိုက်တယ်လို့ စက်တင်ဘာ ၂၅ ရက်က ဆီဒိုးနားဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ စာနယ်ဇင်းရှင်းလင်းပွဲက တစ်ဆင့်သိရပါတယ်။

အဆိုပါအစီအစဉ်အရ ဆူဇူကီးရဲ့ ၂၄၅ သိန်းတန် Sport Design ဇိမ်ခံဆီဒင်ကား Suzuki CIAZ ကို ၅ နှစ်အရစ်ကျ ဝယ်ယူလိုသူတွေအတွက် လက်ငင်းငွေ ၂၅% ဖြစ်တဲ့ ၆,၁၂၅,၀၀၀ ကျပ် စတင်ပေးချေရမှာဖြစ်ပြီး လစဉ်အရစ်ကျငွေ ၄၁၇,၉၆၅ ကျပ်စီကို ၇၅% စိုက်ထုတ်ပေးမယ့် မြန်မာရှေ့ဆောင်ဘဏ်မှာ ၅ နှစ်ကြာပေးသွင်း ရမှာဖြစ်ပါတယ်။ Suzuki CIAZ ဟာ ၂၀၁၇ ခုနစ်မော်ဒယ်ဖြစ်ပြီးအင်ဂျင် 1400cc အမျိုးအစား ဘယ်မောင်း ၄ ယောက်ဆံ့ အမျိုးအစားဖြစ်ပါတယ်။ သိန်း ၂၃၀ တန် ERTIGA ဟာ ၂၀၁၇ ခုနစ်မော်ဒယ်ဖြစ်ပြီး ဘယ်မောင်း ၇ ယောက်ဆံ့ အမျိုးအစားဖြစ်ပါတယ်။ ERTIGA ကို ၅ နှစ်အရစ် ကျဝယ်ယူလိုသူတွေအနေနဲ့ လက်ငင်းငွေ ၂၅% ဖြစ်တဲ့ ၅,၇၅၀,၀၀၀ ကျပ်ကို စတင်ပေးချေရမှာဖြစ်ပြီး လစဉ်အရစ်ကျငွေ ၃၉၂,၃၇၆ ကျပ်ကို ၇၅% စိုက်ထုတ်ပေးမယ့် မြန်မာရှေ့ဆောင်ဘဏ်မှာ ၅ နှစ်ကြာပေးသွင်း ရမှာဖြစ်ပါတယ်။ ဆောင်ရွက်ခ ၂,၅၀၀ ကျပ်စီ ကျသင့်မှာဖြစ်ပြီး အခြားဝန်ဆောင်ခကို သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်က ကျခံပေးသွားမှာဖြစ်ပါတယ်။ အရောင်းကော်မရှင်ခကိုလည်း SUZUKI က ပေးဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ ဆူဇူကီးဟာ ပြည်တွင်းမှာ အရောင်းပြန်ခန်းပေါင်း ၂၁ ခုဖွင့်လှစ် ရောင်းချပေးနေတာဖြစ်ပြီး အရစ်ကျစနစ်နဲ့ စတယ်ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။

-ကောင်းမြတ်ထွန်း