လက်တစ်ဖက်တည်းနဲ့သုံးနိုင်မယ့် အကောင်းဆုံး ဖုန်း (၆) မျိုး

စမတ်ဖုန်းတွေရဲ့ အရွယ်အစားဟာ တဖြည်းဖြည်းကြီးမားလာတဲ့အတွက် လက်တစ်ဖက်တည်းနဲ့ အသုံးပြုတဲ့အခါ အခက်အခဲ ဖြစ်စေသလို အလွယ်တကူ လွတ်ကျမှုတွေ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် လက်အရွယ်အစားသေးသူတွေအတွက် အရွယ်သေးငယ်တဲ့ အကောင်းဆုံး စမတ်ဖုန်းတွေကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။

iPhone SE
တန်ဖိုး – ၃၄၉ ဒေါ်လာ

အရွယ်သေးငယ်တဲ့ စမတ်ဖုန်းကို ရှာဖွေသူများအနေနဲ့ iPhone SE ကို ထည့်သွင်းစဉ်းစားနိုင်ပါတယ်။ ၄ လက်မ iPhone SE ဟာ iPhone 5S ကိုယ်ထည်နဲ့ iPhone 6S အတွင်းအစိတ်အပိုင်းတွေကို ပေါင်းစပ်ထားတဲ့ စမတ်ဖုန်းဖြစ်ပါတယ်။ iPhone အသစ်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ iPhone SE မှာ 3D Touch, dual camera စနစ်နဲ့ ရေစိုခံကိုယ်ထည်တို့ မပါဝင်ပါဘူး။ ဒါပေမဲ့ ဘက်ထရီကို နှစ်ရက်ကြာ အသုံးပြုနိုင်သလို ကျစ်လျစ်ပြီးအကြမ်းခံတဲ့ဒီဇိုင်းနဲ့ အလူမီနီယံကိုယ်ထည်ကြောင့် iPhone 8 လို ကွဲကြေမှု မဖြစ်စေနိုင်ပါဘူး။ ဒါ့အပြင် Apple ရဲ့ နောက်ဆုံးပေါ် mobile platform ဖြစ်တဲ့ iOS 11 နဲ့လည်း အသုံးပြုနိုင်ပါတယ်။ iPhone တွေထဲမှာ ဈေးအသက်သာဆုံးဖြစ်ပြီး 32GB ကို ဒေါ်လာ ၄၀၀ အောက်နဲ့ ရရှိနိုင်ပါတယ်။

Sony Xperia XZ1 Compact
တန်ဖိုး – ဒေါ်လာ ၆၀၀

အရွယ်သေးငယ်တဲ့ စမတ်ဖုန်းကိုနှစ်သက်တဲ့ Android ပရိသတ်တွေကတော့ Sony ရဲ့ Xperia XZ1 Compact ကို ရွေးချယ်နိုင်ပါတယ်။ ဒီစမတ်ဖုန်းမှာ ၄.၆ လက်မ 720p display နဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ Snapdragon 835 processor ကို အသုံးပြုထားပါတယ်။ RAM က 4GB ဖြစ်ပါတယ်။ ရေစိုခံနိုင်ပြီး 19MP ကင်မရာနဲ့ အရွယ်ကြီးမားတဲ့ 2,700mAh ဘက်ထရီပါဝင်ပါတယ်။ ထူးခြားတာတစ်ခုက fingerprint sensor မပါဝင်တာပါ။ ဒီဖုန်းကို အနက်ရောင်၊ အပြာရောင်၊ ပန်းရောင်၊ အဖြူရောင်တို့နဲ့ ရရှိနိုင်ပြီး နောက်ဆုံးပေါ် Android “Oreo” operating system နဲ့လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Samsung Galaxy S8
တန်ဖိုး – ဒေါ်လာ ၆၂၅

Galaxy S8 က အကောင်းဆုံး Android စမတ်ဖုန်းတစ်ခု ဖြစ်တယ်ဆိုတာကို သံသယရှိစရာ မလိုပါဘူး။ ဒီဖုန်းကို အရည်အသွေးအကောင်းဆုံး material တွေနဲ့ ဖန်တီးထားပြီး အလွန်လျင်မြန်တဲ့ Qualcomm ရဲ့ Snapdragon 835 processor ကို အသုံးပြုထားပါတယ်။ ၅.၈ လက်မ bezel=less, edge-to-edge Infinity display က အလွန်လှပပြီး လက်တစ်ဖက်တည်းနဲ့ အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ S8 ကို ရေစိုခံဒီဇိုင်းနဲ့ ဖန်တီးထားပြီး ဘက်ထရီသက်တမ်းကလည်း ကောင်းမွန်ကာ ထိပ်တန်းအဆင့် ကင်မရာတွေကိုလည်း တပ်ဆင်ထားပါတယ်။

Google Pixel 2
တန်ဖိုး – ဒေါ်လာ ၆၄၉

Screen အရွယ်အစား ၅ လက်မရှိတဲ့ Gogole Pixel 2 ဟာ အရွယ်သေးငယ်တဲ့ စမတ်ဖုန်းမဟုတ်ပေမယ့် လက်တစ်ဖက်တည်းနဲ့ သက်သောင့်သက်သာ ကိုင်ဆောင်အသုံးပြုနိုင်ပါတယ်။ Pixel 2 မှာ IP67 အဆင့် ရေစိုဒဏ်နဲ့ ဖုန်ဒဏ်ခံနိုင်ပြီး စွမ်းဆောင်ရည်မြင့်တဲ့ Qualcomm chipset, OLED display, stereo speaker တွေနဲ့ အကောင်းဆုံး ကင်မရာတွေပါဝင်ပါတယ်။ Google Assistant ပါဝင်တာကြောင့် အသံနဲ့မေးမြန်းစေခိုင်းမှုတွေ ပြုလုပ်နိုင်ပါတယ်။

Samsung Galaxy A3
တန်ဖိုး – ၁၄၉ ဒေါ်လာ

ဒေါ်လာ ၂၀၀ အောက်နဲ့ ရရှိနိုင်တဲ့ ၅ လက်မ Galaxy A3 ဟာ ဒီစာရင်းထဲမှာ ဈေးအသက်သာဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ ဒီစမတ်ဖုန်းဟာ စွမ်းဆောင်ရည်အကောင်းဆုံး မဟုတ်ပေမယ့် ချောမွေ့တဲ့ဒီဇိုင်းကြောင့် ပရီမီယံ စမတ်ဖုန်းအဖြစ် ခံစားနိုင်စေမှာ ဖြစ်ပါတယ်။ 5MP ကင်မရာပါဝင်ပြီး 16GB storage နဲ့ရရှိနိုင်ကာ Storage ကို တိုးမြှင့်နိုင်ပါတယ်။ ဘက်ထရီကို ဖြုတ်နိုင်တပ်နိုင်ပြီး တစ်ရက်ခန့် အသုံးပြုနိုင်ပါတယ်။ ဒီစမတ်ဖုန်းမှာ Android Marshmallow operating system ကို အသုံးပြုထားပါတယ်။

Sony Xperia X Compact
တန်ဖိုး – ဒေါ်လာ ၃၅၀

Sony Xperia X Compact ဟာ အရွယ်သေးငယ်တဲ့ ၄.၆ လက်မ ဖုန်းဖြစ်ပြီး အလွန်ကောင်းမွန်တဲ့ 23MP ကင်မရာနဲ့ တစ်နေကုန်သုံးနိုင်မယ့် ဘက်ထရီတို့ ပါဝင်ပါတယ်။ ပလတ်စတစ်ဒီဇိုင်းနဲ့ ဖန်တီးထားတာကြောင့် အခြား အလူမီနီယံစမတ်ဖုန်းတွေလို ပရီမီယံထုတ်ကုန်အနေနဲ့ တွေ့ကြုံခံစားနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ လက်တစ်ဖက်တည်းနဲ့ အလွယ်တကူအသုံးပြုနိုင်ပြီး ကိုယ့်ရဲ့လက်ချောင်းတွေက screen ရဲ့ ထောင့်အားလုံးကို ထိတွေ့အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။ IPC LCD display က 720p resolution နဲ့သာ ဖော်ပြပေးနိုင်ကာ ဒါဟာ အခြားစမတ်ဖုန်းတွေနဲ့ နှိုင်းယှဉ်ရင် အတော့်ကို အားနည်းပါတယ်။ အကြီးမားဆုံးအားနည်းချက်က ဒီစမတ်ဖုန်းမှာ ရေစိုခံစနစ်နဲ့ fingerprint sensor မပါဝင်တာ ဖြစ်ပါတယ်။

iPhone 8
တန်ဖိုး – ၆၉၉ ဒေါ်လာ

ရေစိုခံတဲ့ iPhone 8 ကို မှန်ထည်ဒီဇိုင်းဖန်တီးထားပြီး မနှစ်ကထွက်ရှိခဲ့တဲ့ မော်ဒယ်တွေက graphics နဲ့ processing power ပိုကောင်းပါတယ်။ ဒါ့အပြင် အလင်းနည်းတဲ့နေရာတွေမှာ အံ့အားသင့်ဖွယ်ရာကောင်းတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးပေးနိုင်မယ့် ကင်မရာနှစ်ခုလည်း ပါဝင်ပါတယ်။ ကြိုးမဲ့အားသွင်းစနစ်နဲ့ AI ပါဝင်တဲ့ ပထမဆုံး iPhone လည်း ဖြစ်ပါတယ်။ ၄.၇ လက်မ screen က ၄ လက်မ iPhone SE လို ကိုင်တွယ်ရာမှာ သက်သောင့်သက်သာမရှိပေမယ့် လက်တစ်ဖက်တည်းနဲ့သုံးရာမှာ အရွယ်ကြီးတဲ့ iPhone 8 Plus ထက် ပိုမိုလွယ်ကူပါတယ်။

Essential Phone
တန်ဖိုး – ၆၉၉ ဒေါ်လာ

Bezel-less စမတ်ဖုန်းကို ရှာနေတယ်ဆိုရင်တော့ အလွန်လှပတဲ့ ၅.၇ လက်မ display ပါဝင်တဲ့ Essential Phone ကို စဉ်းစားနိုင်ပါတယ်။ ဒီစမတ်ဖုန်းဟာ ကိုင်တွယ်ရာမှာ သက်သောင့်သက်သာရှိပြီး အခြားစမတ်ဖုန်းတွေထက် ဈေးပိုမြင့်မားတယ်လို့ ခံစားစေနိုင်ပါတယ်။ ဒီစမတ်ဖုန်းမှာ 128GB storage ပါဝင်ပြီး Qualcomm ရဲ့ Snapdragon 835 chipset နဲ့ အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ ဖုန်းရဲ့ dual ကင်မရာက ဒီထက်ပိုကောင်းတဲ့ ဓာတ်ပုံတွေကို ရိုက်နိုင်ဖို့တော့ လိုပါတယ်။

-နောင်နောင်
Ref: BestProducts