ရှစ်နှစ်ကြာပြီးနောက် တရုတ်နိုင်ငံမှာ map ဝန်ဆောင်မှု ပြန်လည်စတင်လိုက်တဲ့ Google

Alphabet Inc ရဲ့ Google ဟာ ရှစ်နှစ်ကြာကင်းကွာခဲ့တဲ့ တရုတ်နိုင်ငံမှာ map ဝန်ဆောင်မှုကို ပြန်လည်မိတ်ဆက်လိုက်တယ်လို့ Nikkei က ဖော်ပြခဲ့ပါတယ်။

ကုမ္ပဏီအနေနဲ့ တရုတ်ဗားရှင်း Google Maps ဝက်ဘ်ဆိုက်တစ်ခု လွှင့်တင်ခဲ့သလို တရုတ် iPhone တွေ အတွက်လည်း map app တစ်ခုကို မိတ်ဆက်ခဲ့တယ်လို့ Nikkei က ပြောပါတယ်။

အဲ့ဒီ app ကို သုံးစွဲသူတွေက navigation feature တွေကို သုံးဖို့ကြိုးစားတဲ့အခါမှာ တရုတ်အင်တာနက်ကုမ္ပဏီကြီး Alibaba Group Holding ပိုင်ဆိုင်တဲ့ mapping ကုမ္ပဏီ AutoNavi ရဲ့ app တစ်ခုဆီ အလိုအလျောက် လွှဲပြောင်းခံရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီအပြောင်းအလဲဟာ Google က တရုတ် live-stream mobile game platform ဖြစ်တဲ့ Chushou မှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ပြီးနောက် ဖြစ်ပေါ်လာတာပါ။ ဒါဟာ Google က ကုမ္ပဏီရဲ့ search engine ကို တားမြစ်ထားတဲ့ တရုတ်နိုင်ငံကို ထိုးဖောက်ဝင်ရောက်တဲ့ နည်းလမ်းသစ် ဖြစ်ပါတယ်။

Google ဟာ ရှာဖွေမှုရလဒ်တွေကို ဆင်ဆာလုပ်ရန် ငြင်းဆိုခဲ့ပြီးတဲ့နောက် ၂၀၁၀ ခုနှစ်မှာ တရုတ်နိုင်ငံကနေ ဝန်ဆောင်မှုတွေကို ရုပ်သိမ်းခဲ့တာ ဖြစ်ပါတယ်။

-နောင်နောင်
Ref: Reuters