ရောင်စုံဥယျာဉ်လေးထဲက ကိုယ်ပိုင်နေရာ သို့မဟုတ် AltStore

ပါးစပ်က ပြောလိုက်ရုံနဲ့ မြန်မာစာ အလိုအလျောက် ရိုက်ပေးတဲ့ Gboard အကြောင်းကို သူငယ်ချင်းတစ်ယောက်က အားရပါးရ လာဖောက်သည်ချပါတယ်။ ကိုယ့်ရဲ့ iPhone ကြီးမှာ ဒါကိုသုံးမရသေးလို့ တစ်ခါတည်း ရိုက်ခွဲပစ်လိုက်တဲ့သူ ရှိပါသလား။ ဒါမှမဟုတ် ဇာတ်ကားတွေကို အလွယ်တကူ ဒေါင်းလုတ်ဆွဲမရလို့ iPhone ကို အမှိုက်ပုံးထဲ ထည့်လိုက်တဲ့သူရော ရှိပါသလား။ ဒီလို လုပ်မယ့်သူ မရှိပေမယ့် ဒီလိုအဖြစ် ကြုံနေရသူတွေတော့ ရှိကြမှာပါ။ သူတို့အားလုံးက ပန်းဥယျာဉ်လေးထဲမှာ ပျော်ပိုက်နေပေမယ့် အပြင်ဘက်ကို ခဏတဖြုတ် ထွက်သွားကြည့်ချင်တဲ့ သူတွေ ဒါမှမဟုတ် နည်းပညာသမိုင်းရဲ့ တိုက်ပွဲကြီးတစ်ခုကြားက မြေစာပင်တွေသဖွယ် ဖြစ်နေရသူပါ။ ဒီတိုက်ပွဲကြီးက အခုလို သန္ဓေတည်လာခဲ့ပါတယ်။

App တွေရဲ့ အစ

၂၀၀၇ ခုနှစ်အစောပိုင်း iPhone ထွက်လာချိန်မှာ App တွေ လောကကြီးထဲ ရောက်လာခဲ့ပါတယ်။ မူလစတင်ချိန်မှာ iPhone ဖခင်ကြီး စတိဗ် ဂျော့ဘ်က Apple ကနေ ဖန်တီးထားတဲ့ App တွေကိုသာ သူ့ရဲ့ ဖုန်းမှာထည့်သွင်းစေခဲ့ပါတယ်။ အရာရာကို ပြီးပြည့်စုံချင်နေသူ စတိဗ်က သူ့ရဲ့ iPhone တွေကို တခြားသူတွေ ဖန်တီးထားတဲ့ App တွေကြောင့် မသပ်မရပ် ဖြစ်သွားမှာ၊ ဗိုင်းရပ်စ်တွေ ပါလာမှာ လုံးဝ မလိုလားခဲ့ပါဘူး။

ဒီအတွက် ဘုတ်အဖွဲ့ဝင်တွေ ကတစ်ဖက်၊ စတိဗ်ကတစ်ဖက်အ ကြီးအကျယ်စကားများရပါတော့ တယ်။ နောက်ဆုံးမှာတော့ တ ခြားဉာဏ်ကြီးရှင်တွေ ဖန်တီး ထားတဲ့ App တွေကို iPhone နဲ့ Apple ရဲ့ တခြားထုတ်ကုန်တွေမှာ အသုံးပြုခွင့်ပေးလိုတဲ့ ဘုတ်အဖွဲ့ဝင်တွေရဲ့ ဆန္ဒကို စတိဗ်က လိုက်လျောပေးလိုက်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ စိုးရိမ်မှုအတွက်လည်း အထိန်းအကွပ်တစ်ခုကို ဖန်တီးလိုက်ပါသေးတယ်။ ဖန်တီးလိုက်သမျှ App တွေကို Apple ကိုယ်တိုင် စိစစ်ပြီးမှသာ iPhone တွေမှာ အသုံးပြုခွင့် ပေးမယ်လို့ပေါ့။ ဒီလိုနဲ့ စိစစ်ပြီးသား၊ အသုံးပြုနိုင်မယ့် App တွေကို စုစည်းပေးထားတဲ့ App Store ဆိုပြီး မွေးဖွားလာခဲ့တာပါ။

App Store ကို ၂၀၀၈ ခုနှစ် ဇူလိုင်လမှာ စတင်ခဲ့ပါတယ်။ အဲဒီနောက် ၉ လအကြာမှာ အဲဒီကနေ App တွေကို ဒေါင်းလုတ်ဆွဲတဲ့ အကြိမ်ပေါင်း သန်းတစ်ထောင် ပြည့်မြောက်သွားပါပြီ။ စတင်ပြီး သုံးနှစ်အကြာမှာ စာရင်းဝင်ထားတဲ့ App ပေါင်း ငါးသိန်းပြည့်ခဲ့သလို ဒေါင်းလုတ်ဆွဲမှုပေါင်း (၁၅) ဘီလျံကျော် သွားခဲ့ပါတယ်။ ဒါက Apple အတွက် အောင်မြင်မှု မှတ်တိုင်သစ်ဖြစ်ပါတယ်။

ဒီဂျစ်တယ်လောကသစ်တစ်ခုကို နေ့ချင်းညချင်း ဖန်ဆင်းပေးခဲ့သလိုပါပဲ။ မရေမတွက်နိုင်လောက်အောင် များပြားတဲ့ ပါရမီရှင်တွေက ကောလိပ်အဆောင်ခန်းတွေ၊ စာသင်ခန်းတွေ၊ ဘားတွေ၊ ကားဂိုဒေါင်တွေ၊ ပန်းခြံတွေ စသဖြင့် နေရာမျိုးစုံကနေ App တွေ ဖန်တီးပေးခဲ့ကြပါတယ်။ သူတို့အတွက်လည်း တကယ့် ငွေတွင်းကြီးပါ။ ၂၀၁၁ ခုနှစ် ဇွန်လအထိ App ဖန်တီးသူတွေကို Apple ဘက်ကနေ အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံကျော် ပေးချေနိုင်ခဲ့ပါတယ်။

လှပတဲ့ ဥယျာဉ်လေးတွေ

App တွေအပေါ် အခြေခံထားတဲ့ ဒီဂျစ်တယ်ပစ္စည်းတွေ ပေါ်ထွက်လာခဲ့ခြင်းက အွန်လိုင်းလောကရဲ့ အပြောင်းအလဲကြီး တစ်ရပ်ပါ။ ၁၉၈၀ ပြည့်နှစ်တွေမှာ အင်တာနက်သုံးရတာက နံရံလေးဘက် ပိတ်လှောင်ခံထားတာနဲ့ ဆင်တူပါတယ်။ AOL တို့လို အင်တာနက်ဝန်ဆောင်မှုပေးသူတွေက သုံးစွဲသူတွေကို တံတိုင်းခတ်ထားပြီး ထွက်ပေါက်လေးတွေ ပေးထားပေမယ့် ကိုယ့်သဘောနဲ့ ကိုယ် အပြင်ထွက်ကြည့်ရင်လည်း လမ်းပျောက်သွားရပါလိမ့်မယ်။ ၁၉၉၀ ပြည့်နှစ်တွေမှာတော့ Search Engine တွေရဲ့ ခေတ်ဖြစ်ပြီး Browser တွေရဲ့ကျေးဇူးနဲ့ အင်တာနက်တခွင်ပြဲပြဲစင်အောင် သွားလာနိုင်ပါပြီ။ ဒါပေမဲ့ တောကြီးမျက်မည်းထဲ လျှောက်ကြည့်နေရသလိုဖြစ်ပြီး လမ်းပြအိမ်မြှောင်ပါပေမယ့် အန္တရာယ်များလွန်းခဲ့ပါတယ်။

စတိဗ်ဂျော့ဘ်ရဲ့ App တွေကတော့ ဥယျာဉ်လေးတွေနဲ့တူပါတယ်။ သာယာလှပပြီး နေချင်စဖွယ်ကောင်းအောင် ဖမ်းစားထားနိုင်သလို ပြင်ပအန္တရာယ်တွေကိုလည်း ကာကွယ်ပေးထား ပါသေးတယ်။ ဒါပေမဲ့ လူတိုင်းက ဥယျာဉ်ထဲမှာ ကစားနေမယ့် က လေးတွေ မဟုတ်တာကြောင့် နည်းပညာလောကရဲ့ တိုက်ပွဲကြီးတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။

တိုက်ပွဲခေါ်သံ

၂၀၁၀ ခုနှစ် ဇန်နဝါရီလ အတွင်း iPad ကို ကြေငြာလိုက်ပြီး မကြာခင်မှာ စတိဗ်ဂျော့ဘ်က အစည်းအဝေးကြီးတစ်ခု ဆင့်ခေါ်လိုက်ပါတယ်။ အစည်းအဝေးမှာ iPad သစ်အကြောင်း လေသံတောင် မဟတော့ဘဲ စစ်မြေပြင်သစ်အကြောင်း အာဘောင်အာရင်းသန်သန် ပြောနေခဲ့တာပါ။ ရန်သူကတော့ Google ရဲ့ စမတ်ဖုန်း Operating System သစ် Android ပါ။ Android ဖုန်းတွေက iPhone ရဲ့ လုပ်ဆောင်ချက်တွေကို အတုယူ လုပ်ဆောင်နေတာကြောင့် စတိဗ်ဂျော့ဘ်တစ်ယောက် အကြီးအကျယ် ဒေါသပေါက်ကွဲနေခဲ့ပါတယ်။

iPhone တွေအပေါ် အကြီးအကျယ် အန္တရာယ်ပေးမယ့် Android ဖုန်းတွေရဲ့ အလားအလာကိုလည်း ကြိုမြင်နေခဲ့တာပါ။ ဒါကြောင့် မူပိုင်ခွင့်ချိုးဖောက်ခြင်း အတွက် တရားစွဲမှုတွေကို Apple ဘက်ကနေ စတင်ခဲ့ပါတယ်။

တကယ်တမ်း ပြောရရင် ဒါတွေက အပေါ်ယံပါ။ သမိုင်းဝင်မယ့် တကယ့်တိုက်ပွဲကြီးက သဘောတရား နှစ်ခုအပေါ် အခြေခံထားပါတယ်။ Google က သူတို့ရဲ့ Android ကို အားလုံးအတွက် ဖွင့်ပေးခဲ့ပြီး ဖုန်းဖန်တီးသူတွေ စိတ်ကြိုက်အသုံးပြု ခွင့်ပေးထားတာပါ။ တစ်ဖက်မှာတော့ စတိဗ်ဂျော့ဘ်က ဟာ့ဒ်ဝဲတွေနဲ့ ဆော့ဝဲတွေဆိုတာ လက်ပွန်းတတီး ရှိရမယ်ဆိုပြီး iPhone တွေအတွက် iOS ကို Apple ကပဲ ကန့်သတ်ချုပ် ကိုင် ထားခဲ့ပါတယ်။

ဒီလိုမျိုး ကန့်သတ်ထားမ လား၊ ဖွင့်ပေးလိုက်မလားဆိုတဲ့ သဘောတရားနှစ်ရပ်အပေါ် အငြင်းပွားကြတာက ပထမအကြိမ် မဟုတ်ခဲ့ပါဘူး။ (၁၉၈၀) ပြည့်နှစ်တွေမှာလည်း Apple ရဲ့ Macintosh OS ကို ကွန်ပျူတာအားလုံး အသုံးပြုခွင့်မရခဲ့ပါဘူး။ ပြိုင်ဘက် Microsoft ရဲ့ ဘီလ်ဂိတ်ကတော့ Windows OS ကို အားလုံးအတွက် ဖွင့်ပေးခဲ့ပြီး စိတ်ကြိုက်သုံးခွင့်ပေးခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ ဘီလ်ဂိတ်နိုင်ခဲ့တယ်လို့ ယူဆကြပေမယ့် စတိဗ်ဂျော့ဘ်ကတော့ ဒီလို လက်လွတ်စပယ် အသုံးပြုခွင့် ပေးလိုက်တာကြောင့် ကွန်ပျူတာလောကကြီး ပရမ်းပတာ ဖြစ် သွားရတယ်လို့ ဆိုပါတယ်။

(၂၀၁၀) ခုနှစ်တွေအတွင်း စတင်ခဲ့တဲ့ Android ဖုန်းတွေနဲ့ iPhone တွေကြားက တိုက်ပွဲကလည်း ဒီသဘောတရား နှစ်ရပ်အပေါ် အခြေခံလာပါတယ်။ Android ဖုန်းတွေမှာ ဖန်တီးသူအားလုံးရဲ့ လက်ရာကို မြင်တွေ့နိုင်ပြီး iPhone တွေမှာတော့ App Store က ဒေါင်းလုတ် ဆွဲထားတာတွေကိုသာ အသုံးပြုနိုင်ကြမှာပါ။

အကျိုးအပြစ်

ဒီသဘောတရားနှစ်ရပ်လုံးက စင်းလုံးချော မဟုတ်ကြပါဘူး။ အားသာချက် အားနည်းချက် ကိုယ်စီရှိနေကြပါတယ်။ လွတ်လွတ်လပ်လပ် အသုံးပြုနိုင်တာကြောင့် ကိုယ့်စိတ်ကြိုက် ဖန်တီး ခွင့်ရှိလာသလို အကန့်အသတ်ဆိုတာလည်း မရှိတော့ပါဘူး။ ဖန်တီးခွင့်ရှိလာတာနဲ့အမျှ တိုးတက်မှုရှိလာမှာပါပဲ။ ဒါပေမဲ့ တစ်ဖက်မှာလည်း လုံခြံုမှု၊ စိတ်အနှောင့်အယှက်ဖြစ်ရမှု၊ အဆင်မပြေမှုတွေ ရှိနေပါလိမ့်မယ်။

Apple ရဲ့ ဥယျာဉ်လေးမှာ ခြံစည်းရိုးတွေ ကာရံထားတာ ကြောင့် စိတ်ကျဉ်းကြပ်စရာလို့ ထင်ရင် မှားသွားပါလိမ့်မယ်။ ရောင်စုံပန်းလေးတွေ၊ စမ်းချောင်းလေးတွေနဲ့ သာယာလွန်းတာကြောင့် အပြင်ဘက်ကမ္ဘာကို မေ့လျော့နေကြမှာပါ။ ဒီလိုသာယာကြည်နူးနေတာကို အနှောင့်အယှက်ပေးမယ့် ဘီလူးကြီးတွေရဲ့ ရန်ကိုလည်း တွေးပူနေစရာ မလိုပါဘူး။

စတိဗ်ဂျော့ဘ်က App Store ကို သူ့စိတ်ကြိုက် စံနှုန်းတွေနဲ့ ဖန်တီးခဲ့ပါတယ်။ ဒါကြောင့် App Store မှာ သုံးစွဲသူတွေရဲ့ ကိုယ်ရေးကိုယ်တာအပေါ် အမြတ်ထုတ်မယ့် ကိစ္စတွေ၊ ဥယျာဉ်လေးကို အကျည်းတန်စေမယ့် မလှမပ မသပ်မရပ် ဒီဇိုင်းတွေကို လုံးဝ ခွင့်မပြုပါဘူး။ အထူးသဖြင့် အပြာကိစ္စတွေကို လုံးဝ ခွင့်မလွှတ်ပါဘူး။ iPhone က အပြာကိစ္စတွေ ကင်းရှင်းနေရမယ်၊ အပြာကိစ္စတွေနဲ့ ရှုပ်ချင်ရင် Android ပဲ သွားဝယ်ကြလို့ သူက ဗြောင်ပြောခဲ့တာပါ။ ဒီအတွက် ဝေဖန်မှုတွေ ရှိခဲ့ပေမယ့် မင်းသာ မိဘတစ်ယောက်ဖြစ်လာခဲ့ရင် ဒါကို နားလည်သွားလိမ့်မယ်လို့ သူက ညွှန်ပြခဲ့ပါတယ်။

ကလေးထိန်း မုန်းသူများ

လူတွေဆိုတာ အသစ်အဆန်း ကို မြည်းစမ်းကြည့်ချင်တဲ့သူချည်းပါပဲ။ ထို့အတူ အနည်းနဲ့ အများ စွန့်စားကြည့်ချင်တတ်ကြပါသေးတယ်။ ဒီလိုနဲ့ ပန်းဥယျာဉ် လေးထဲမှာ မပျော်ပိုက်သူတွေ တိုးပွားလာခဲ့ပါတယ်။ သူတို့တွေက ဥယျာဉ်လေးထဲ နေရတာကို ငြီးငွေ့လာကြပေမယ့် ထာဝရ ကျောခိုင်းသွားလိုသူတွေတော့ မဟုတ်ကြပါဘူး။ အပြင်ဘက်ကို ခဏထွက် စွန့်စားမယ်၊ ပြီးရင်ဥယျာဉ်လေးထဲ ဝင်လာပြီး အနားယူကြမယ် ဒီလို တွေးကြတာပါ။ ဒီလိုနဲ့ သူတို့ကို ဥယျာဉ်ထဲကနေ တစ်ဖဝါးမှပေး မခွာတဲ့ ကလေးထိန်းကြီးတွေအပေါ် မုန်းတီးစိတ် ဝင်လာပြန်ပါတယ်။ ကလေးထိန်းတွေ အလစ်မှာ အပြင်ခိုးထွက်ဖို့ မလွယ်ပေါက်တွေကို ရှာခဲ့ကြပါတယ်။

အဲဒီလူတွေထဲမှာ ဂိမ်းဝါသနာ အိုးရိုင်လေတစ်ကျူ့လည်းတစ် ယောက် အပါအဝင်ပါ။ Nintendo ဂိမ်းစက်လေးကို အရူးအမူး ခင်တွယ်ခဲ့တဲ့ ရိုင်လေတစ်ယောက် ဆယ်ကျော်သက် ဖြစ်လာတဲ့အထိ ဂိမ်းဆက်ဆော့ချင်နေတုန်းပါပဲ။ ဒါကြောင့် သွားလေရာပါတဲ့ သူ့ရဲ့ iPhone နဲ့ သူငယ်ငယ်တုန်းကတည်းက ဆော့လာတဲ့ ဂိမ်းပုံစံမျိုးတွေကို ရှာဆော့ခဲ့ပါတယ်။ ဒါပေမဲ့ အရသာသိပ်မတွေ့ပြန်ပါ
ဘူး။

Nintendo ဂိမ်းစက်လေးတွေကိုလည်းချစ်၊ iPhone လေးကိုလည်း မြတ်နိုးတဲ့ ဆယ်ကျော်သက်လေး ရိုင်လေတစ်ယောက် ကလေးပီပီ အခုလို တွေးမိပါတယ်။ ဘာကြောင့် Nintendo ဂိမ်းတွေကို iPhone မှာ မဆော့နိုင်ရမှာလဲလို့ ပေါ့။ ကံမကောင်းစွာနဲ့Nintendo က သူ့ရဲ့ ဂိမ်းတွေကို iPhone မှာ ကစားစေဖို့ အစီအစဉ်လုံးဝ မရှိသလို iPhone ရဲ့ App Store မှာလည်း ဒီလိုဂိမ်းတွေထည့်သွင်းခွင့် ပေးမထားပြန်ပါဘူး။ ဒီတော့ ရိုင်လေတစ်ယောက် ကိုယ့်လမ်းကို ဖောက်ရုံပေါ့။

အထက်တန်း ကျောင်းသားဘဝရဲ့ အချိန်အများစုကို ဒီအ တွက် တကုပ်ကုပ်လုပ်ရင်း ကုန်ဆုံးခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ Game Boy ဂိမ်းကို iPhone မှာ ကစားနိုင်အောင် ဖန်တီးနိုင်ခဲ့တာကြောင့် ရိုင်လေတစ်ယောက် ကမ္ဘာကျော်သွားပါတယ်။ သူက Emulator တစ်ခုဖန်တီးပြီး ဂိမ်းဟောင်းတွေကို iPhone မှာ ထည့်သွင်းကစားနိုင်အောင် ကြိုးစားခဲ့တာပါ။ Emulator ဆိုတာ ဟာ့ဒ်ဝဲစက်ပစ္စည်း ဒါမှမဟုတ် ဆော့ဝဲတစ်ခုခုဖြစ်နိုင်ပြီး ကွန်ပျူတာစနစ်ကို တခြားစနစ်ပုံစံမျိုး အလုပ်လုပ်စေမယ့် နည်းပညာဖြစ်ပါတယ်။

အားရစရာကောင်းတာက Nintendo ကရော၊ Apple ကပါသူ့ရဲ့ ပရောဂျက်ကို ပိတ်ပစ်လိုက်ပါတယ်။ ဒါတောင် နည်းအမျိုးမျိုးနဲ့ အချိန်တော်တော် ကြာတဲ့အထိ ဆက်ရှိနေအောင်ရိုင်လေက ထိန်းသိမ်းထားနိုင်ခဲ့ပါ သေးတယ်။ အဲဒီနောက်တောင် ကယ်လီဖိုးနီးယား တက္ကသိုလ် သွားတက်ခဲ့ပြီး လက်ရှိ ဆော့ဝဲ Developer တစ်ယောက်ဖြစ်လာတဲ့ အသက် (၂၂) နှစ်အရွယ် ရိုင်လေဆီမှာ တားဆီးလို့မရနိုင်မယ့် လက်နက်တစ်ခုရှိနေခဲ့ပါပြီ။

AltStore

သူ ရှာတွေ့ခဲ့တဲ့ မလွယ်ပေါက်ကို ပိတ်ပစ်ခံခဲ့ရတာ ကြောင့် ဒီတစ်ကြိမ်မှာ အပြင်ဘက်ကို ခိုးထွက်ဖို့ ရိုင်လေ မစဉ်းစား တော့ပါဘူး။ အဲဒီအစား လွတ်လွတ်လပ်လပ် နေနိုင်မယ့် ကိုယ်ပိုင်နေရာလေးတစ်ခုကိုပဲ သူ ဖန်တီးခဲ့ပါတယ်။ အဲဒါကတော့ AltStore ပါ။ နောက်ထပ် စတိုးတစ်ခုလို့ အဓိပ္ပာယ်ရတဲ့ AltStore မှာ App Store ကနေ ပိတ်ပင်ထားတဲ့ App တွေကို စိတ်ကြိုက်အသုံးပြုနိုင်ပါတယ်။ ဂိမ်းဝါသနာအိုး လေး ရိုင်လေက Delta ဆိုတဲ့ App ဖန်တီးပြီး သူ့စိတ်ကြိုက်ဂိမ်းတွေကို ကစားပါတော့တယ်။

မလွယ်ပေါက်တွေ လိုက်ပိတ်နေတဲ့ Apple ရဲ့ စည်းကမ်းတွေကို အခုလို တပတ်ရိုက်ပုံက ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်တာသာ ဖြစ်ပါတယ်။ ဖန်တီးသူတွေက သူတို့ရဲ့ App ကို စိတ်ကြိုက် စမ်းသပ်နိုင်အောင် iPhone မှာ ကိုယ့်သဘောနဲ့ကိုယ် ထည့်သွင်း အသုံးပြုဖို့ Apple က မလွှဲမရှောင်သာ ခေါင်းငြိမ့်ပေး ထားရပါတယ်။ ဒါ့အပြင် Xcode လိုမျိုး Developer Tool တွေကြောင့် Apple ID တစ်ခုရှိရုံနဲ့ ကိုယ့်ရဲ့ App ကို iPhone မှာ ကိုယ့်စိတ်ကြိုက် ထည့်သွင်းအသုံးပြုနိုင် ကြပါတယ်။

ရိုင်လေဖန်တီးထားတဲ့ Altserver ကို အသုံးပြုပြီး ကိုယ့်ရဲ့iPhone ထဲမှာ AltStore ကို ဒေါင်းလုတ်ဆွဲ အသုံးပြုနိုင်ပါ တယ်။ ဒီနည်းနဲ့ ကိုယ်ပိုင် App တစ်ခုကို စမ်းသပ် အသုံးပြုနေတယ်လို့ Apple က ထင်မှတ်သွားတာဖြစ်ပြီး တကယ်တမ်း တော့ ရိုင်လေရဲ့ App ကို ထည့်သွင်းလိုက်တာပါ။ အကန့်အသတ်တချို့ ရှိနေသေးပေမယ့်ကိုယ့်စိတ်ကြိုက်နေရာလေးတစ်ခုကို တော့ ပိုင်ဆိုင်ခွင့် ရသွားပါပြီ။

အနာဂတ် အဖွင့်အပိတ်

ကွန်ပျူတာ ဆော့ဝဲပြိုင်ပွဲမှာ သရဖူဆောင်းနိုင်ခဲ့တဲ့ ဘီလ်ဂိတ်က နည်းပညာတွေကို ကန့်သတ်မထားဘဲ လွတ်လွတ်လပ်လပ် ဖွင့်ဟပေးထားလိုသူပါ။ ကွန်ပျူတာထုတ်လုပ်သူတိုင်း သူ့ရဲ့ Windows OS တွေကို လိုင်စင်နဲ့ အသုံးပြုခွင့်ပေးခဲ့ပါတယ်။ Apple ကတော့ ဟာ့ဒ်ဝဲကနေ ဆော့ဖ်ဝဲ အထိ အားလုံးကို ဖန်တီးပြီး သီးသန့် ရောင်စုံပန်းဥယျာဉ်လေး ဖန်တီးချင်တာပါ။ ဒီလိုမျိုး သုံးစွဲသူတွေအတွက် အစအဆုံး လုပ်ဆောင်ပေးချင်တဲ့ စေတနာက စတိဗ်ဂျော့ဘ်လို ပါရမီရှင် ဥယျာဉ်မှူးအတွက်သာ ထိုက်တန်ပါတယ်။ ကျန်တဲ့သူတွေအတွက် မဖြစ်နိုင်ပါဘူး။

ဖွင့်ဟပေးထားရမလား၊ ကန့်သတ်ထားရမလားဆိုတဲ့ သဘောတရားနှစ်ခုအနက် ဘယ်တစ်ခု ကမှ အပြတ်အသတ် အနိုင်မရသေးပေမယ့် လက်ရှိအချိန်မှာတစ်ဖက်က အသာစီးရနေတာ ကိုတော့ တွေ့မြင်နေကြရပါပြီ။ အထူးသဖြင့် ဥယျာဉ်မှူးကြီး မရှိတော့တဲ့နောက် Apple ရဲ့ခြံစည်းရိုးတွေက ယိုင်နဲ့လို့လာ ပါပြီ။ iPhone တွေမှာ Files App ကို သုံးပြီး စီမံနိုင်လာတာမျိုးတွေ ဖြစ်လာပါပြီ။ ဘယ်အချိန်မှာ အတားအဆီးအားလုံး ကွယ်ပျောက်သွားမလဲ မသေချာပေ မယ့် အားလုံး လွတ်လပ်သွားတဲ့ အချိန်ကျရင်လည်း သာယာလှပတဲ့ ရောင်စုံပန်းဥယျာဉ်လေးကို ပြန်လွမ်းနေကြရမှာတော့ သေချာနေပါတယ်။ လက်ရှိအချိန်မှာတော့ ဘီလူးသဘက်တွေကိုမမှုဘဲ လွတ်လွတ်လပ်လပ် စွန့်စားကြမလား ဒါမှမဟုတ် ကလေးထိန်းတွေ မျက်စိအောက်မှာ ဗိုင်းကောင်းကျောက်ဖိ နေမလားဆိုတာ ကျွန်တော်တို့ တစ်ယောက်ချင်းစီရဲ့ ရွေးချယ်မှုသာဖြစ်ပါတော့တယ်။

မှီငြမ်း- The Verge၊ Steve Jobs By Walter Issacson

-လုကာကျော်