
ရိုးမဘဏ်ရဲ့ SMART အကောင့် ကိုင်ဆောင်သူတိုင်း SMART Credit အသေးစားအွန်လိုင်းချေးငွေကို အွန်လိုင်းမှတစ်ဆင့်လျှောက်ထားပြီးသည်နှင့် တစ်ပြိုင်နက် ချေးငွေအတည်ပြု ခြင်းနှင့် ချေးငွေပေးခြင်းကို အချိန်ကာလတစ်ခု စောင့်ဆိုင်းရန်မလိုဘဲ SMART အကောင့်မှတစ်ဆင့် ချေးငွေချက်ချင်းရယူနိုင်မယ်လို့ သိရပါတယ်။
SMART Credit မှာရိုးမဘဏ်မှ တီထွင်ဖန်တီးထားသော တစ်ကိုယ်ရေသုံး ဒီဂျစ်တယ် အသေးစားချေးငွေအမျိုးအစားဖြစ်ပြီး ရိုးမဘဏ် SMART အကောင့်ရှိသူတိုင်း လျှောက်ထားနိုင်ကြောင်း ၂၀၁၈ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့တဲ့ SMART Credit မှာ မြန်မာနိုင်ငံတွင် ဘဏ်တစ်ခုမှ ဝန်ဆောင်မှုပေးတဲ့ အပေါင်ပစ္စည်းမဲ့ ဒီဂျစ်တယ်ချေးငွေအမျိုးအစားဖြစ်ကြောင်း၊ SMART Credit ချေးငွေများမှာ Customer တွေရဲ့ အရေးပေါ်ချေးငွေလိုအပ်ချက်များကို အချိန်ကြာမြင့်သော လျှောက်ထားမှုအဆင့်ဆင့်မပါဝင်ဘဲ ရယူနိုင်စေရန် ပုံဖော်ဖန်တီးထားခြင်းဖြစ်ပြီး ယခင်ကမူ ချေးငွေလျှောက်ထားပြီးနောက် ချေးငွေရယူရန် ရုံးဖွင့်ရက် တစ်ရက် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ချေးငွေ လျှောက်ထားရာတွင် မည်သည့် စာရွက်စာတမ်းမှ မလိုအပ်သလို ဘဏ်သို့ ကိုယ်တိုင်သွားရောက်ရန်မလိုအပ်ဘဲ အွန်လိုင်းမှတစ်ဆင့် ရာနှုန်းပြည့်ရယူနိုင်ကြောင်း၊ လက်ရှိအချိန်၌ Customer များ ချေးငွေပြန်လည်ပေးဆပ်ရာတွင် ဝန်ထုပ်ဝန်ပိုးလျော့ကျစေရန် ယခင်ရှိထားသော SMART Credit အဖွဲ့ဝင်ကြေးအားလုံးကိုလည်း ပယ်ဖျက်ပေးလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
SMART Credit ချေးငွေကို အများဆုံး မြန်မာကျပ် သိန်း ၃၀ (အမေရိကန် ဒေါ်လာ ၂၀၀၀) အထိလျှောက်ထားနိုင်ပြီး လျှောက်ထားသူရဲ့ ရိုးမဘဏ်ရှိ ငွေစုမှတ်တမ်း၊ ငွေစုသက်တမ်းနဲ့ ယခင် ချေးငွေရယူထားမှု မှတ်တမ်းကောင်းနဲ့ အခြားအချက်အလက်များအပေါ် မူတည်ကာ ရယူနိုင်တဲ့ ချေးငွေပမာဏကို သတ်မှတ်ပေးခြင်းဖြစ်တယ်လို့ သိရပါတယ်။ ချေးငွေအတွက် ကောက်ခံတဲ့အတိုးနှုန်းမှာ တစ်လလျှင် ၁.၂% ရာခိုင်နှုန်းခန့်သာ ကျသင့်မည်ဖြစ်ပြီး နောက်ထပ် အပိုဝန်ဆောင်ခများ ပေးဆောင်ရခြင်းမရှိဘူးလို့ သိရပါတယ်။ နောက်တိုးချေးငွေယူသူတွေအနေနဲ့ ချေးငွေသက်တမ်းကို ၁၂ လအထိ လျှောက်ထားနိုင်မှာဖြစ်ပြီး ဒဏ်ကြေးတစ်စုံတစ်ရာပေးစရာမလိုဘဲ ချေးငွေသက်တမ်းထက်စောပြီးလည်း ချေးငွေပြန်ဆပ်နိုင်မယ်လို့ သိရပါတယ်။
ရိုးမဘဏ်၏ Head of Digital Credit ဖြစ်သူ Jason Loughnane မှ “ကျွန်တော်တို့ရိုးမဘဏ်အနေနဲ့ ချေးငွေလျှောက်ထားတဲ့ လုပ်ငန်းစဉ်ကို အတတ်နိုင်ဆုံး ရိုးရှင်းလွယ်ကူပြီး တတ်နိုင်တဲ့အနေအထားဖြစ်အောင် ကြိုးစားဆောင်ရွက်နေပါတယ်။ ကာလကြာရှည်စွာပဲ မြန်မာနိုင်ငံသားတွေဟာ ငွေတိုးချေးသူတွေဆီက ရတဲ့ လွယ်ကူမြန်ဆန်ပေမယ့် အတိုးနှုန်းကြီးတဲ့ ချေးငွေအမျိုးအစားနဲ့ အတိုးနှုန်းသက်သာပေမယ့် စာရွက်စာတမ်းတစ်ပုံတစ်ပင်နဲ့ အချိန်ကြာမြင့်ပြီး အပေါင်ပစ္စည်းလိုအပ်တဲ့ ဘဏ်ချေးငွေ နှစ်မျိုးထဲကပဲ ရွေးချယ်ကြရပါတယ်။ အခုအခါမှာ မြန်မာနိုင်ငံရဲ့ အယုံကြည်ရဆုံး ဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရိုးမဘဏ်ရဲ့ SMART Credit ကတော့ တစ်ဦးချင်းသီးသန့်ဖြစ်ပြီး မြန်ဆန်တဲ့၊ အတိုးနှုန်းလည်းမများတဲ့ အကောင်းဆုံးချေးငွေတွေကို Customer တွေအတွက် ချက်ချင်းလက်ငင်း ပေးအပ်နေပြီဖြစ်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
SMART Credit ချေးငွေနဲ့ ပတ်သက်ပြီး ဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
-အောင်သူ