ရိုးမဘဏ် SMART အကောင့်မှ WavePay အကောင့်သို့ အွန်လိုင်းမှ တစ်ဆင့် ဝန်ဆောင်ခပေးရန်မလိုဘဲ အပြန်အလှန် ငွေလွှဲနိုင်မည်

ရိုးမဘဏ် SMART အကောင့်ရှိသူတွေ အနေနဲ့ အွန်လိုင်းမှတစ်ဆင့် WavePay အကောင့်သို့ ဝန်ဆောင်ခပေးဆောင်ဖို့ မလိုဘဲ အပြန်အလှန် ငွေလွှဲနိုင်မယ်လို့သိရပါတယ်။

WavePay နဲ့ ရိုးမဘဏ် SMART အကောင့် ချိတ်ဆက်လုပ်ဆောင်မှုကို ဇူလိုင် ၁၄ ရက်မှ စတင်ကာ လုပ်ဆောင်နိုင်ခဲ့ပြီး ရိုးမဘဏ် SMART အကောင့်နဲ့ ချိတ်ဆက်ထားတဲ့ မိုဘိုင်းဖုန်းသို့ ပေးပို့လာမယ့် တစ်ခါသုံး လျှို့ဝှက်နံပါတ် (OTP) ကို အသုံးပြုကာ ဒီဂျစ်တယ်နည်းနဲ့ အကောင့်နှစ်ခု ချိတ်ဆက်မှုကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ချိတ်ဆက်ထားပြီးဖြစ်တဲ့ အကောင့်နှစ်ခုအကြား ငွေသွင်း၊ ငွေထုတ် စတဲ့ ငွေလွှဲလုပ်ဆောင်ချက်တွေ အတွက် ဝန်ဆောင်ခ အခမဲ့ဖြစ်တယ်လို့ သိရပါတယ်။ ရိုးမဘဏ် SMART အကောင့်ရှိသူတွေအနေနဲ့ ဒီဂျစ်တယ်နည်းနဲ့ ချိတ်ဆက်လုပ်ဆောင်မှု ပြီးစီးပါက Wave ဆိုင်ကွန်ရက် အပါအဝင် WavePay အက်ပလီကေးရှင်းမှ ဝန်ဆောင်မှုအားလုံးကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ယခင်က အဆိုပါ အီလက်ထရောနစ်နည်းဖြင့် ချိတ်ဆက်မှုကို ဘဏ်ခွဲများမှာသာ ပြုလုပ်ဆောင်ရွက်နိုင်ပြီး သုံးစွဲသူတွေအနေနဲ့ နီးစပ်ရာ ဘဏ်ခွဲသို့ ကိုယ်တိုင်သွားရောက်ကာ ချိတ်ဆက်မှုကိုပြုလုပ်ရရုံသာမက ဒီဂျစ်တယ်နည်းဖြင့် ငွေပေးချေမှုတွေနဲ့ ငွေလွှဲမှုတွေကို အသုံးမပြုနိုင်မီ မိမိတို့ရဲ့ မိုဘိုင်းဖုန်းနဲ့ ဘဏ်အကောင့်များ ချိတ်ဆက်ဖို့အတွက် ရက်အနည်းငယ် ကြာ စောင့်ဆိုင်းရတယ်လို့သိရပါတယ်။

-ရဲထွဋ်ဝင်း