ရာနှုန်းပြည့် တယ်လီနော MBA ပညာသင်ဆုကို စတင်လျှောက်ထားနိုင်

တယ်လီနောမြန်မာမှ တတိယအကြိမ်အဖြစ် ရာနှုန်းပြည့် ပံ့ပိုးပေးသွားမယ့် Master of Business Administration (MBA) ပညာသင်ဆုအတွက် လျှောက်လွှာတွေ တင်သွင်းနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါပညာသင်ဆုအတွက် Myanmar Metropolitan College (MMC) နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး မြန်မာကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ MMC နဲ့ ချိတ်ဆက်ထားတဲ့ ဆွစ်ဇာလန်နိုင်ငံရှိ University of Business and International Studies (UBIS) မှ ချီးမြှင့်မယ့် MBA in Strategic ICT Management (မဟာဗျူဟာနည်းကျ အိုင်စီတီ စီမံခန့်ခွဲမှုဆိုင်ရာ အမ်ဘီအေဘွဲ့) ကို လေ့လာဆည်းပူးနိုင်ဖို့အတွက် ရာနှုန်းပြည့်ပညာသင်ဆုအဖြစ် ပံ့ပိုးလုပ် ဆောင်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

ပညာရေးမှတ်တမ်းကောင်းများရရှိခဲ့ပြီး အိုင်စီတီနည်းပညာကို ရေရှည်နည်းလမ်းအဖြစ် အသုံးချကာ စီးပွားရေး လုပ်ငန်းသို့မဟုတ် လူမှုရေးလုပ်ငန်း သို့မဟုတ် အများနှင့်သက်ဆိုင်သော အဖွဲ့အစည်းများ တည်ထောင်ရာတွင် ပါဝင်လိုစိတ်ပြင်းပြသူ၊ ပညာရေးအတွက် ငွေကြေးအထောက်အပံ့လိုအပ်သူ မြန်မာနိုင်ငံသား မည်သူမဆို တယ်လီနော MBA ပညာသင်ဆုအစီအစဉ်ကို လျှောက်ထားနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

လျှောက်လွှာတွေကို ဇူလိုင် ၂၈ ရက်မှ ဩဂုတ် ၃၁ ရက်အထိ တယ်လီနောမြန်မာအွန်လိုင်းစာမျက်နှာ www.telenor.com.mm/en/about/mba-scholarship မှတစ်ဆင့် လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ ယခုအစီအစဉ်မှတစ်ဆင့် (၂၀၁၈-၂၀၂၁) လေးနှစ်တာကာလအတွင်း ပညာသင်ဆု (၂၀) ကို ပေးအပ်သွားရန် ရည်ရွယ်ထားပြီး လက်ရှိတွင် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ် ပညာသင်နှစ်များ အတွက် လူငယ် (၉) ဦးကို ပညာသင်ဆု ပေးအပ်ခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။

-ရဲထွၒ