ရန်ကုန် နှင့် မန္တလေးရှိ ကွန်ပျူတာတက္ကသိုလ် များမှ ကွန်ပျူတာပါရဂူဘွဲ့ သင်တန်းများ အတွက် လျှောက်လွှာခေါ်ယူ

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ ကွန်ပျူတာပါရဂူဘွဲ့ Ph.D(IT) သင်တန်းအပတ်စဉ် (၁၄) နဲ့ မန္တလေးကွန်ပျူတာ တက္ကသိုလ်၊ ကွန်ပျူတာပါရဂူဘွဲ့ Ph.D(IT) သင်တန်းအပတ်စဉ် (၉) သင်တန်းတွေကို ဒီဇင်ဘာလမှာ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

ပါရဂူဘွဲ့သင်တန်းများဟာ အချိန်ပြည့်သင်တန်းဖြစ်ပြီး ပါရဂူဘွဲ့အကြိုသင်တန်း တစ်နှစ်နဲ့ သုတေသနကျမ်းပြု နှစ်နှစ်၊ စုစုပေါင်း သုံးနှစ် တက်ရောက်ရမှာပါ။ ပါရဂူဘွဲ့အကြိုသင်တန်း ဖြေဆိုအောင်မြင်ပြီးသူတွေကိုသာ ပါရဂူသုတေသန ဆက်လက်လုပ်ဆောင်ခွင့်ပြုမှာဖြစ်တယ်လို့ သိရပါတယ်။

လျှောက်ထားသူတွေဟာ ကွန်ပျူတာဘာသာရပ် သို့မဟုတ် အလားတူ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာဘာသာရပ် အထူးပြုနဲ့ မဟာဘွဲ့တစ်ခုခု ရရှိထားသူတွေ ဖြစ်ရမှာဖြစ်ပြီး Referee နှစ်ဦးထံမှ Letter ofRecommendation ကို တင်ပြနိုင်ရပါမယ်။ ရေးဖြေစာမေးပွဲကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက် မှာ အင်္ဂလိပ်စာကို နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီထိလည်းကောင်း၊ သက်ဆိုင်ရာ ဘာသာရပ်ကို မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ လည်းကောင်း ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နဲ့ မန္တလေးကွန်ပျူတာတက္ကသိုလ်တွေမှာ ဖြေဆိုရမှာဖြစ်ပါတယ်။

အိုင်တီနယ်ပယ်မှာ လုပ်သက်အတွေ့အကြုံ ၁၅ နှစ် နဲ့ အထက်ရှိပြီး အိုင်တီဘာသရပ်မှာ မဟာဘွဲ့ တစ်ခုခု ရရှိပြီးသူတွေဟာ Ph.D (IT) Research Only သင်တန်းအတွက် အရည်အချင်းစစ် ဝင်ခွင့်စာမေးပွဲကို ဖြေဆိုစရာမလိုဘဲ သီးခြားလျှောက်ထားနိုင်ပါတယ်။

-သန္တာ