ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ဖွင့်လှစ်မည့် Online Post Graduate Diploma in Business သင်တန်းအတွက် လျှောက်လွှာခေါ်ယူ

ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ဖွင့်လှစ်မယ့် Online Post Graduate Diploma in Business သင်တန်းအတွက် လျှောက်လွှာခေါ်ယူတော့မှာဖြစ်တယ်လို့ သိရပါတယ်။

စီးပွားရေးလုပ်ငန်းများမှာ စီးပွားရေးပညာရပ်တွေကို လက်တွေ့အသုံးချနိုင်ရန်နှင့် စီမံခန့်ခွဲမှုပြုလုပ်နိုင်ရန် အတွက် ရည်ရွယ်ဖွင့်လှစ်တာဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းလျှောက်ထားသူတွေ အနေနဲ့ အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူ၊ လုပ်ငန်းများမှာ လက်တွေ့စီမံခန့်ခွဲနေသူ၊ ထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖြန့်ဖြူးမှုကို လုပ်ကိုင်နေသူ၊ လုပ်ငန်းများမှာ လူသားအရင်းအမြစ်လုပ်ငန်းများကို စီမံခန့်ခွဲနေသူ၊ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းများကို စီမံခန့်ခွဲနေသူတွေနဲ့ စီးပွားရေးဆိုင်ရာ ဥပဒေသဘောတရားများကို သိလိုသူများ တက်ရောက်သင့်တဲ့ သင်တန်းတစ်ခု ဖြစ်ပါတယ်။ Diploma သင်တန်းမှာ စာတွေ့နဲ့ လက်တွေ့ ပေါင်းစပ်သင်ကြားပေးခြင်းကြောင့် စီးပွားရေးလုပ်ငန်းများမှာ စီမံခန့်ခွဲမှုနည်းလမ်းတွေကို အခြေခံကျကျ နားလည်တတ်ကျွမ်းမယ့် သင်တန်းဖြစ်ပြီး Online Assignment များကို တစ်ဦးချင်းဖြေဆိုရမယ့်အပြင် Project တွေကိုပါ လုပ်ဆောင်ရမှာဖြစ်တဲ့အတွက် စီးပွားရေးလုပ်ငန်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာပုံစံများကို စာတွေ့လက်တွေ့ လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဧပြီလ ၁ ရက်မှာဖွင့်လှစ်မယ့် သင်တန်းအတွက် ဖေဖော်ဝါရီ ၂၀ ရက်နောက်ပိုင်းမှာ Registration လုပ်ရမယ့် ရက်ကို သတင်းစာမှတစ်ဆင့် သိရှိနိုင်သလို အောက်တိုဘာ ၁ ရက်မှာဖွင့်လှစ်မယ့် သင်တန်းအတွက် သြဂုတ် ၂၀ ရက်နောက်ပိုင်းမှာ Registration လုပ်မယ့်ရက်ကို သတင်းစာမှာ ကြည့်ရှုသိရှိနိုင်မယ်လို့ သိရပါတယ်။ လျှောက်ထားလိုသူတွေအနေနဲ့ https://bit.ly/3712Fjn မှာသတ်မှတ်ထားတဲ့အချိန်မှာ Registration စတင်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ သင်တန်းသားဦးရေ ကန့်သတ်ထားပြီး သင်တန်းကာလအနေနဲ့ ၁၀ လ ကြာမြင့်မယ်လို့ သိရပါတယ်။

သင်တန်းပြီးဆုံးသွားပါက ပညာရေးဝန်ကြီးဌာနမှ ပေးအပ်တဲ့ ဘွဲ့လွန်ဒီပလိုမာလတ်မှတ်ရရှိမှာ ဖြစ်ပါတယ်။ သင်တန်းနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက ရန်ကုန်အဝေးသင်တက္ကသိုလ်၊ စီးပွားရေးပညာဌာန၊ ဖုန်း ၀၁-၅၂၅၈၂၄၊ ၀၁-၅၂၅၁၄၆ သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

-ဝေဝေ