ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဘီလ်များကို KBZPay မှ ပေးဆောင်နိုင်

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသို့ ပေးဆောင်ရမယ့် အခွန်အခအမျိုးမျိုးကို KBZPay နဲ့ ပေးဆောင်နိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

KBZPay မှတစ်ဆင့် စည်ပင်မြေငှားရမ်းအသုံးပြုရာတွင် ပေးဆောင်ရန်ရှိသော ဘီလ်များ၊ မြေခွန်၊ ပစ္စည်းခွန်၊ အထွေထွေခွန်၊ မီးဖိုချောင်ထွက်အမှိုက်ခွန် အပါအဝင် ကိုယ်ပိုင်စီးပွားရေးနှင့် ဆေးရုံမှထွက်တဲ့ အမှိုက်နဲ့ အညစ် အကြေးခွန်တွေကို စတင် ပေးဆောင်နိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

KBZPay ၏ Head of Agent Banking ဖြစ်သူ ဦးစိုးကိုကို က “လက်ရှိ ကျွန်တော်တို့ရဲ့ QuickPay လုပ်ဆောင်ချက်က တက္ကသိုလ်အပါအဝင် ကုမ္ပဏီများနဲ့ အဖွဲ့အစည်းပေါင်း (၉၀) ကျော်အတွက် ငွေပေးချေမှုတွေ လုပ်နိုင်တဲ့ချိန်မှာ YCDC ဘီလ်လုပ်ဆောင်ချက် အသစ်က အသုံးပြုသူတွေကို YCDC ဘီလ်ပေးဆောင်ရာမှာ လွယ်လင့်တကူ အသုံးပြုနိုင်တဲ့အပြင် လုံခြုံစိတ်ချမှုရှိအောင် ဆောင်ရွက်ပေးမှာပါ။ လာမယ့်နှစ်တွေအတွင်းမှာ ငွေသားမဲ့ ငွေပေးချေမှု စနစ်တွေရဲ့ အနာဂတ်ကို ဆက်ပြီး ဖန်တီးပုံဖော်ပေးနိုင်ဖို့ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

-အောင်သူ