ရန်ကုန်ပညာရေးတက္ကသိုလ် ပညာရေးဘွဲ့ စာပေးစာယူ (၂) နှစ်သင်တန်း ပထမနှစ်အတွက်ခေါ်ယူ

၂၀၂၀-၂၀၂၁ ပညာသင်နှစ် ရန်ကုန်ပညာရေးတက္ကသိုလ် ပညာရေးဘွဲ့ စာပေးစာယူ (၂) နှစ်သင်တန်း ပထမနှစ်အတွက် လျှောက်လွှာခေါ်ယူနေပါတယ်။

သင်တန်းသို့ဘွဲ့တစ်ခုခုရရှိပြီး B.Ed မရရှိသေးသူတွေ တက်ရောက်နိုင်မှာဖြစ်ပါတယ်။ လျှောက်လွှာတွေကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက် မှစတင် လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ ဝင်ခွင့်စာမေးပွဲ လျှောက်လွှာပုံစံတွေကို တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးတွေမှာ ရယူနိုင်ပြီး သက်ဆိုင်ရာ ကျောင်းအုပ်ကြီးရဲ့ ထောက်ခံချက်နဲ့အတူ မြို့နယ်ပညာရေးမှူးရုံးတွေကို ဒီဇင်ဘာ ၂၄ ရက် နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပါတယ်။

သင်တန်းကာလ (၂) နှစ်ဖြစ်တဲ့အတွက် ဘာသာရပ်ကျွမ်းကျင်မှု၊ သင်ပြနည်းကျွမ်းကျင်မှုတို့အတွက် အထူးပြုဘာသာရပ် တစ်ခုတည်းကိုသာ ရွေးချယ်ဖြေဆိုရမှာ ဖြစ်ပါတယ်။ ဝင်ခွင့်စာမေးပွဲမှာ ဘာသာရပ်အလိုက် တက္ကသိုလ်ဝင်တန်းသင်ရိုးညွှန်းတမ်းနဲ့သက်ဆိုင်ရာ အထူးပြုဘာသာရပ်ရဲ့ တက္ကသိုလ်ပညာသင်ရိုးညွှန်းတမ်းများ ဘွဲ့ကြိုသင်တန်း ပထမနှစ်၊ ဒုတိယနှစ် သင်ရိုးအထိ လေ့လာရန် ဖြစ်ပြီး ဘာသာရပ်ကျွမ်းကျင်မှု ၃ နာရီ မေးခွန်းနဲ့ ရေးဖြေစစ်ဆေးမှာဖြစ်ပါတယ်။

ဝင်ခွင့်စာမေးပွဲကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက် နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဘားအံမြို့၊ ထားဝယ်မြို့၊ မြိတ်မြို့၊ ကော့သောင်းမြို့၊ ပဲခူးမြို့၊ တောင်ငူမြို့၊ ပြည်မြို့၊မော်လမြိုင်မြို့၊ စစ်တွေမြို့၊ ကျောက်ဖြူမြို့၊ သံတွဲမြို့၊ မြောက်ဦးမြို့၊ ပုသိမ်မြို့၊ ဟင်္သာတမြို့၊ ဖျာပုံမြို့၊ မြောင်းမြမြို့၊ လပွတ္တာမြို့၊မအူပင်မြို့နဲ့ ရန်ကုန်မြို့တို့ရှိ စာစစ်ဌာနတွေမှာဖြေဆိုရမှာဖြစ်ပါတယ်။

အသေးစိတ် အချက်အလက်တွေကို ဖုန်း – ၀၁-၅၂၆၉၃၇၊ ၀၁-၅၃၄၃၄၀ ကိုဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ