ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်မှ မဟာဝိဇ္ဇာနှင့် ဒီပလိုမာသင်တန်းသားခေါ်ယူ

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ရဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် မဟာဝိဇ္ဇာအချိန်ပြည့် ၂ နှစ် သင်တန်း (အင်္ဂလိပ်ဘာသာကို နိုင်ငံခြားဘာသာအဖြစ်သင်ကြားခြင်း၊ ဒီပလိုမာ အချိန်ပြည့် ၁ နှစ် သင်တန်း (အင်္ဂလိပ်ဘာသာ) ၊ အချိန်ပြည့် ၂ နှစ်သင်တန်း (အီတာလျံ၊ စပိန်ဘာသာ)၊ အချိန်ပိုင်း ၂ နှစ်သင်တန်း (အထွေထွေဘာသာဗေဒ) နဲ့ အချိန်ပိုင်း ၄ နှစ်သင်တန်း (တရုတ်ဘာသာ၊ ပြင်သစ်ဘာသာ၊ ဂျာမန်ဘာသာ၊ ဂျပန်ဘာသာ၊ ကိုရီးယားဘာသာ၊ ရုရှားဘာသာ၊ ထိုင်းဘာသာ)တွေကို ဖွင့်လှစ်မှာဖြစ်ပါတယ်။

သင်တန်းတွေကတော့ တစ်ပတ် ငါးရက်၊ တနင်္လာမှ သောကြာအထိ တက်ရောက်ရမှာဖြစ်ပြီး အင်္ဂလိပ်ဘာသာ အချိန်ပြည့် သင်တန်းကို နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အထိ၊ အီတာလျံနဲ့ စပိန်ဘာသာ အချိန်ပြည့် သင်တန်းကို နံနက် ၈ နာရီမှ နေ့လယ် ၁၂ နာရီအထိ၊ အချိန်ပိုင်းသင်တန်းတွေကို နံနက် ၇ နာရီမှ နေ့လယ် ၁၂ နာရီအထိ တက်ရောက်ရမှာဖြစ်ပါတယ်။ တက်ရောက်လိုသူတွေဟာ မဟာဝိဇ္ဇာ (အင်္ဂလိပ်ဘာသာကို နိုင်ငံခြားဘာသာအဖြစ် သင်ကြားခြင်း) ပထမနှစ်သင်တန်းကို တက်ရောက်ရန် အတွက် သတ်မှတ်ထားတဲ့ အရည်အချင်းများနဲ့ ပြည့်စုံသူ၊ ဒီပလိုမာဘွဲ့သင်တန်းတွေအတွက် နိုင်ငံတော်က အသိအမှတ်ပြုထားတဲ့ ဘွဲ့တစ်ခုခုရရှိထားသူတွေ၊ အထွေထွေဘာသာဗေဒ သင်တန်းအတွက် နိုင်ငံတော်က အသိအမှတ်ပြုထားတဲ့ ဝိဇ္ဇာဘွဲ့တစ်ခုခုရရှိပြီးသူတွေနဲ့ အခြားဘွဲ့ရရှိထားသူတွေ အနေနဲ့လည်း လျှောက်ထားနိုင်ပါတယ်။

လျှောက်လွှာတွေကို နိုဝင်ဘာ ၁၃ ရက် မှ ၂၀ ရက်အထိ တင်သွင်းရမှာဖြစ်ပြီး တက်ရောက်လိုသူတွေဟာ သင်တန်းဝင်ခွင့်စာမေးပွဲကို ဖြေဆိုရမှာဖြစ်ပါတယ်။ အသေးစိတ်ကို ဖုန်း – ၀၉၂၅၄၀၃၂၇၄၄ နဲ့ ၀၉၇၉၉၈၄၀၂၃၁ ကိုဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ