ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ Online CHRD ဘာသာစကား အချိန်ပိုင်းသင်တန်းများ ဖွင့်မည်

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ လူ့စွမ်းအားအရင်းအမြစ် ဗဟိုဌာန မှ CHRD ဘာသာစကား အချိန်ပိုင်းသင်တန်းတွေကို အွန်လိုင်းမှတစ်ဆင့် ဖေဖော်ဝါရီ လဆန်းပိုင်းမှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ အီတာလျံ၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ စပိန် နဲ့ ထိုင်းဘာသာစကားတွေ အပြင် နိုင်ငံခြားသားများအတွက် မြန်မာဘာသာစကားသင်တန်းတွေကို ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ စပိန် နဲ့ အီတာလျံ ဘာသာစကားသင်တန်းတွေကို နိုင်ငံခြားသားဆရာများမှ သင်ကြားပေးမှာဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းတွေကို YUFL E-Campus (Moodle Learning Management System) နဲ့ Microsoft Teams Video Conferencing Platform တို့ကို အသုံးပြု သင်ကြားပို့ချပေးသွားမှာ ဖြစ်ပြီး တစ်ပတ်လျှင် အနည်းဆုံး ၁၀ နာရီ ကိုယ်တိုင်လေ့လာသင်ယူရမှာ ဖြစ်ပါတယ်။ သင်တန်းကို တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူတွေနဲ့ အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်သူတွေ တက်ရောက်နိုင်ပြီး သင်တန်းကာလ ၃ လ ကြာမြင့်မှာ ဖြစ်ပါတယ်။ သင်တန်းပြီးမြောက်သူတွေအနေနဲ့ အဆင့် ၆ ဆင့်အထိ တက်ရောက်သင်ယူနိုင်မှာ ဖြစ်ပြီး သင်တန်းကာ ၃ လ အတွက် သင်တန်းကြေး ၆၀,၀၀၀ ကျပ် ပေးသွင်းရမှာ ဖြစ်ပါတယ်။ မြန်မာဘာသာစကားတက်ရောက်မယ့် နိုင်ငံခြားသား ကျောင်းသား ကျောင်းသူတွေ အနေနဲ့ သင်တန်းကြေး အမေရိကန်ဒေါ်လာ ၂၀၀ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေကို ပေးသွင်းရမှာ ဖြစ်ပါတယ်။

သင်တန်းချိန်တွေအနေနဲ့ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ညနေ ၅ နာရီခွဲမှ ည ၇ နာရီခွဲအထိ လည်းကောင်း၊ အင်္ဂါ၊ ကြာသပတေး၊ စနေ ညနေ ၅ နာရီမှ ည ၇ နာရီခွဲအထိ လည်းကောင်း၊ စနေ၊ တနင်္ဂနွေ နေ့လယ် ၂ နာရီခွဲမှ ညနေ ၅ နာရီခွဲအထိလည်းကောင်း ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး မိမိ ကြိုက်နှစ်သက်ရာအချိန်ကို ရွေးချယ်တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ email address နဲ့ ဖုန်းနံပါတ်ရှိဖို့ လိုအပ်ပြီး သင်တန်းတက်ရောက်စဥ်ကာလအတွင်း တက္ကသိုလ်ရဲ့ email address ကိုအသုံးပြုရမှာ ဖြစ်ပါတယ်။ သင်တန်းတွေကို ဖေဖော်ဝါရီ ၁ ရက်မှာ YUFL ဝက်ဘ်ဆိုက် www.yufl.edu.mm မှတစ်ဆင့် မှတ်ပုံတင်စာရင်းပေးသွင်း တက်ရောက်နိုင်မှာဖြစ်ပြီး သင်တန်းသုံးစာအုပ်များကိုတော့ ဝယ်ယူအသုံးပြုရမှာဖြစ်တယ်လို့ သိရပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««