ရန်ကုန်တိုင်းဒေသကြီး Stay at Home ကာလ ခွင့်ပြုလုပ်ငန်းများ လည်ပတ်မည်ဆိုပါက အွန်လိုင်းမှတစ်ဆင့် မှတ်ပုံတင်ရန် ထပ်မံအသိပေး

ရန်ကုန်တိုင်းဒေသကြီး Stay at Home ကာလ ခွင့်ပြုလုပ်ငန်းများ လည်ပတ်မည်ဆိုပါက အွန်လိုင်းမှတစ်ဆင့် မှတ်ပုံတင်ရန် ထပ်မံ အသိပေးကြေညာထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးတွင် Stay at Home ကာလ ရက်သတ္တပတ် နှစ်ပတ်အတွင်း ဖွင့်လှစ်ရန် ခွင့်ပြုထားတဲ့ စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီ၊ လုပ်ငန်း၊ အဖွဲ့အစည်းတွေအနေနဲ့ လုပ်ငန်းလည်ပတ်ရန် အတွက် အွန်လိုင်းမှတစ်ဆင့် မှတ်ပုံတင်ပြီး QR Pass ထုတ်ထားရန် လိုအပ်မည်ဖြစ်ကြောင်းကို ၂၄.၉.၂၀၂၀ ရက်နေ့တွင် အသိပေးကြေညာခဲ့ပြီး အဆိုပါ လည်ပတ်ရန် ခွင့်ပြုထားသောလုပ်ငန်းများမှ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများ၊ ကုမ္ပဏီ၊ လုပ်ငန်း၊ အဖွဲ့အစည်းများမှ ဝန်ထမ်းများ အနေနဲ့ သက်ဆိုင်ရာ လုပ်ငန်းခွင်သို့ သွားရောက်ရာ တွင်လည်းကောင်း၊ လိုအပ်ချက်အရ အခြားမြို့နယ်များသို့ ဖြတ်ကျော်ရာတွင်လည်းကောင်း QR Pass ရရှိကိုင်ဆောင်ထားရန် လိုအပ်မှာဖြစ်တယ်လို့ သိရပါတယ်။ QR Pass ရရှိထားခြင်း မရှိဘဲ မြို့နယ်တစ်ခုမှ တစ်ခုသို့ ဖြတ်ကျော်ခြင်း၊ ခွင့်ပြုထားခြင်း မရှိသော လုပ်ငန်းများ ဖွင့်လှစ်လည်ပတ်ခြင်းများ မပြုလုပ်ရဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ခွင့်ပြုထားတဲ့လုပ်ငန်းတွေ အနေနဲ့ QR Pass ရယူနိုင်ဖို့ https://QRpass.SawSawShar.gov.mm ကို ဝင်ရောက်ပြီး မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ မဖြစ်မနေ ဈေးဝယ်ယူခြင်း၊ ဆေးရုံဆေးခန်းများသို့ သွားရောက်ခြင်းတို့ အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များအတိုင်း လိုက်နာရမှာဖြစ်ပြီး ယခု QR Pass အစီအစဉ်တွင် အကျုံးမဝင်ဘူးလို့ သိရပါတယ်။

လုပ်ငန်းရှင်များ၊ ဝန်ထမ်းများ၊ အလုပ်သမားများ အနေနဲ့ Stay at Home ကာလ ရက်သတ္တပတ် နှစ်ပတ်အတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့် ညွှန်ကြားချက်များ၊ စည်းမျဉ်း စည်းကမ်းများကို တိကျစွာလိုက်နာရန် လိုအပ်ပြီး လိုက်နာမှုမရှိပါက ပြင်းထန်စွာ အရေးယူသွားမည် ဖြစ်ကြောင်း သိရပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««