ရန်ကုန်တိုင်းဒေသကြီးရှိ Stay At Home ကာလအတွင်း ခွင့်ပြုလုပ်ငန်းများအတွက် QR Pass

ရန်ကုန်တိုင်းဒေသကြီး Stay At Home ကာလအတွင်း ခွင့်ပြုလုပ်ငန်းများ လည်ပတ်မည်ဆိုပါက လိုအပ်မယ့် QR Pass ရယူခြင်းကို အွန်လိုင်းလိပ်စာဖြစ်တဲ့ https://qrpass.sawsawshar.gov.mm/#/login ကနေ မှတ်ပုံတင်နိုင်မယ်လို့ စက်တင်ဘာ ၂၄ ရက်က ကုန်သည်စက်မှုအသင်းချုပ်ကနေ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်မှာ COVID 19 ကပ်ရောဂါ ကာကွယ်တားဆီး၊ ထိန်းချုပ်ရေးအတွက် Stay At Home အစီအစဉ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားတဲ့ ခွင့်ပြုလုပ်ငန်းအမျိုးအစားတွေမှာ ပါဝင်တဲ့ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းများ၊ ကုမ္ပဏီများ အနေနဲ့ လုပ်ငန်း လည်ပတ်လုပ်ကိုင်မည်ဆိုပါက အွန်လိုင်းမှတစ်ဆင့် မှတ်ပုံတင်ရန် လိုအပ်ပါကြောင်း၊ မှတ်ပုံတင်ထားသော လုပ်ငန်းများမှ ဝန်ထမ်းများနှင့် မော်တော်ယာဉ်များသာ မြို့နယ်တစ်မြို့နယ်မှ တစ်မြို့နယ် ဖြတ်ကျော်ခွင့်ရမှာဖြစ်ပြီး မှတ်ပုံတင်ခြင်း ပြီးမြောက်တဲ့ ဝန်ထမ်းတစ်ဦးချင်းစီနဲ့ မော်တော်ယာဉ် တစ်စီးချင်းအနေနဲ့ QR Code ပါ ID ရရှိမှာဖြစ်ကာ နယ်မြေဖြတ်ကျော်ခြင်းအတွက် စစ်ဆေးတဲ့အခါမှာ QR Code ပါ ID ကိုပြသရမှာဖြစ်ပါတယ်။

စက်တင်ဘာ ၂၇ ရက်မှာတော့ ပြည်သူတွေအနေနဲ့ မဖြစ်မနေ ဈေးဝယ်ယူခြင်း၊ ဆေးရုံဆေးခန်းများသို့ သွားရောက်ခြင်းတို့ အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များအတိုင်း လိုက်နာရမည်ဖြစ်ကြောင်း၊ QR Pass အစီအစဉ်တွင် အကျုံးမဝင်ကြောင်း၊ လုပ်ငန်းရှင်များ၊ ဝန်ထမ်းများ၊ အလုပ်သမားများအနေဖြင့် Stay at Home ကာလ ရက်သတ္တပတ် နှစ်ပတ်အတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့် ညွှန်ကြားချက်များ၊ စည်းမျဉ်း စည်းကမ်းများကို တိကျစွာလိုက်နာရန် လိုအပ်ပြီး လိုက်နာမှုမရှိပါက ပြင်းထန်စွာ အရေးယူသွားမည် ဖြစ်ကြောင်းကို အွန်လိုင်းမှ တစ်ဆင့် မှတ်ပုံတင်ဖို့ ထပ်မံအသိပေးချက်နဲ့အတူ ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ QR Pass အစီအစဉ် ပြုလုပ်ပြီးနောက်ပိုင်းတွင် ဆိုက်ဘာနည်းပညာဆိုင်ရာ ထိုးဖောက်တိုက်ခိုက်မှုများ ကြုံတွေ့ခဲ့ရပြီး စက်တင်ဘာ ၂၇ ရက်၊ မွန်းလွဲ ၃:၃၀ တွင် စနစ်၏ဆောင်ရွက်မှု ထိခိုက်မှုများမရှိစေဖို့နဲ့ ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရန် ခေတ္တ ရပ်ဆိုင်းထားခဲ့ကာ ညပိုင်းတွင်ပြန်ဖွင့်ခဲ့သော်လည်း အလားတူ ထိုးဖောက်မှုများ ဖြစ်ပေါ်ခဲ့တဲ့အတွက် ထပ်မံရပ်ဆိုင်းထားခဲ့ပါတယ်။ စက်တင်ဘာ ၂၈ ရက်၊ နံနက် ၅ နာရီ မှာတော့ QR Pass အစီအစဉ်ကို ပြန်လည် လွှင့်တင်ခဲ့ပြီး တိုက်ခိုက်မှုတွေကလည်း နေ့လယ်ပိုင်းအထိ ဆက်လက်ဖြစ်ပေါ်ခဲ့ပါတယ်။

ထိုကဲ့သို့ ဆက်လက်ဖြစ်ပေါ်နေသည့်အတွက် ဝင်ရောက်အသုံးပြုသော လုပ်ငန်းရှင်များ၊ ဝန်ထမ်းများ၊ လုပ်သားများရဲ့ အဆင်မပြေမှုတွေကို မေတ္တာရပ်ခံခဲ့ပြီး QR Pass အစီအစဉ်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူများ Stay at Home ကာလ စားသောက်နေထိုင်ရေးကိစ္စများ အခက်အခဲမရှိစေရန် မရှိမဖြစ်လုပ်ငန်းများ ဖွင့်လှစ်ရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် အဆိုပါလုပ်ငန်းများတွင် လုပ်ကိုင်နေသော ဝန်ထမ်းများ၊ လုပ်သားများ စနစ်တကျ သွားလာနိုင်ရန်တို့အတွက် လွှင့်တင်ထားခြင်းဖြစ်တဲ့အတွက် ယခုကဲ့သို့ ထိုးဖောက် လုပ်ဆောင်ခြင်းမှာ မလုပ်ဆောင်သင့်သလို ဥပဒေအရလည်း ပြစ်မှုမြောက်တဲ့အတွက် ဆက်လက်လုပ်ဆောင်ခြင်းများ မပြုရန် စက်တင်ဘာ ၂၈ ရက် ညပိုင်းမှာ သတိပေးထုတ်ပြန်ခဲ့ပါတယ်။

စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းမှာတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ဖွင့်လှစ်ခွင့်ရသော လုပ်ငန်းများအနက်မှ ဘဏ်လုပ်ငန်း၊ ပုဂ္ဂလိကဆေးရုံ၊ supermarket ၊စက်သုံးဆီအရောင်းဆိုင်နဲ့ သီလဝါအထူးစီးပွားရေးဇုန်ရှိ လုပ်ငန်းများမှ ဝန်ထမ်းများ၊ လုပ်သားများအနေဖြင့် QR Pass ပြုလုပ်ရန် မလိုအပ်ဘဲ သက်ဆိုင်ရာကုမ္ပဏီ၊ လုပ်ငန်းတွေရဲ့ ဝန်ထမ်းကတ်နဲ့ လုပ်ငန်းခွင်သို့ သွားရောက်နိုင်ကြောင်း အသိပေးထုတ်ပြန်ခဲ့ပါတယ်။
အောက်တိုဘာ ၃ ရက်နေ့မှာတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ (Stay at Home) ကာလ အတွင်း ဖွင့်လှစ်လည်ပတ်ရန် ခွင့်ပြုထားခြင်းမရှိတဲ့ စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီ၊ လုပ်ငန်းများမှ ဝန်ထမ်းများ၊ အလုပ်သမားများကို လုပ်ခလစာပေးနိုင်ရေးအတွက် လိုအပ်တဲ့ တွက်ချက်မှုများ ပြင်ဆင်ဆောင်ရွက်နိုင်ရန် Payroll Processing QR Pass တွေ ထုတ်ပေးသွားမယ်လို့ ကြောညာခဲ့ပါတယ်။

အဆိုပါ Payroll Processing QR Pass တွေကို လုပ်ခလစာ ထုတ်ပေးရန် လိုအပ်တဲ့ မည်သည့် လုပ်ငန်းအမျိုးအစားမဆို Online မှတစ်ဆင့် ဝင်ရောက်မှတ်ပုံတင်နိုင်ပြီး တာဝန်ရှိသူ အများဆုံး (၅) ဦး အထိသာ Payroll Processing QR Pass ကို ထုတ်ယူနိုင်မယ်လို့ သိရပါတယ်။ မှတ်ပုံတင်တဲ့အခါမှာ https://QRpass.SawSawShar.gov.mm သို့ ဝင်ရောက်မှတ်ပုံတင်ရမှာဖြစ်ပြီး ယခင် QR Pass ရရှိပြီးထားသူများအနေနဲ့ ထပ်မံလျှောက်ထားရန် မလိုအပ်ဘူးလို့ သိရပါတယ်။

အဆိုပါ အစီအစဉ်မှာ လစာထုတ်ခြင်းဆိုင်ရာ Payroll အတွက် လစာတွက်ချက်မှု အပါအဝင် လိုအပ်တဲ့ပြင်ဆင်မှုများ ကြိုတင် ဆောင်ရွက်နိုင်ရန်အတွက်သာ ထုတ်ပေးခြင်း ဖြစ်ပြီး အောက်တိုဘာ ၄ ရက်နေ့နဲ့ ၅ ရက်နေ့တွေမှာ မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ Payroll Processing QR Pass ရရှိပြီးပါက အောက်တိုဘာ ၆ ရက်နဲ့ ၇ ရက် နေ့တွေမှာ သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများသို့ သွားရောက်နိုင်မှာဖြစ်ပါတယ်။

မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်ရာမှာ Payroll Process ကို ရွေးချယ်ရမှာ ဖြစ်ပြီး ကုမ္ပဏီမှတ်ပုံတင် (သို့) စည်ပင်လုပ်ငန်းလိုင်စင် (သို့) သက်ဆိုင်ရာဝန်ကြီးဌာနတစ်ခုခုမှ အသိအမှတ်ပြုထုတ်ပေးထားသော လုပ်ငန်းလိုင်စင်အား ပူးတွဲတင်ပြရမှာဖြစ်ပါတယ်။အထက်ဖော်ပြပါ လုပ်ငန်းလိုင်စင် တစ်မျိုးမျိုးအား ပူးတွဲတင်ပြနိုင်ခြင်း မရှိပါက ခွင့်ပြုချက်ကို ပယ်ဖျက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အောက်တိုဘာ ၁၂ ရက်မှာတော့ QR Pass အစီအစဉ်တွင် မှတ်ပုံတင်ခြင်းကို အောက်တိုဘာ ၁၂ မှ စတင်ကာ ရပ်ဆိုင်းလိုက်တယ်လို့ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ကကြောညာခဲ့ပါတယ်။ ကုန်သည်စက်မှုအသင်းချုပ်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရလမ်းညွှန်မှုဖြင့် Stay at Home ကာလအတွင်း ဖွင့်လှစ်ရန် ခွင့်ပြုထားသော လုပ်ငန်းများမှ ဝန်ထမ်းများ မြို့နယ်ဖြတ်ကျော်ရာတွင် အထောက်အထားအဖြစ် ပြနိုင်မည့် QR Pass အစီအစဉ်ကို အွန်လိုင်းမှ အလွယ်တကူ မှတ်ပုံတင်နိုင်ရန် ရည်ရွယ်ပြီး စက်တင်ဘာ ၂၅ ရက်နေ့ နံနက်တွင် စတင်ခဲ့ပြီး ခွင့်ပြုထားသောလုပ်ငန်းများနှင့် အကျုံးဝင်ခြင်းမရှိသော စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီများ၊ လုပ်ငန်းများမှ အလုပ်သမားများ လုပ်ခလစာ ပေးနိုင်ရေးအတွက်လည်း လိုအပ်သည့် တွက်ချက်မှုများ ပြင်ဆင် ဆောင်ရွက်နိုင်ရန် Payroll Processing QR Pass အစီအစဉ်ကို အောက်တိုဘာ ၄ ရက်မှာ ထပ်မံကာ ဝန်ဆောင်မှုပေးခဲ့တာဖြစ်ပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ အောက်တိုဘာ ၁၀ ရက် အမိန့်ထုတ်ပြန်ချက် ၁၂၄/ ၂၀၂၀ အရ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး အဆင့် A ရရှိအောင် ပြင်ဆင်ထားရှိတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်သော လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံများ၊ အသေးစား၊ အလတ်စားလုပ်ငန်းတွေအနေနဲ့ အောက်တိုဘာ ၁၂ ရက်နေ့မှစတင်၍ ပြန်လည်လည်ပတ်ခွင့်ရရှိမှာဖြစ်ပြီး အဆိုပါ အမိန့်ကြေညာချက်အရ ယခင် ခွင့်မပြုထားသော လုပ်ငန်းအများစုသည် သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လည်ပတ်ခွင့်ရရှိတော့မှာဖြစ်တဲ့အတွက် အဆိုပါအခြေအနေအရ လက်ရှိ QR Pass စနစ်တွင် လုပ်ငန်းများ အသစ်ထပ်မံမှတ်ပုံတင်ခြင်းကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်ပြီး QR Pass လက်ဝယ်ရှိထားပြီးသူတွေအနေနဲ့ မြို့နယ်ဖြတ်ကျော်သွားလာရာမှာ ဆက်လက်အသုံးပြုနိုင်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Stay at Home ကာလအတွင်း ဖွင့်လှစ်ခွင့်ရရှိတဲ့ စက်ရုံ၊အလုပ်ရုံများ၊ကုမ္ပဏီများ၊လုပ်ငန်းများ အားလုံးအတွက် အကျုံးဝင်သော လုပ်ငန်းခွင်သွားလာရာတွင် အသုံးပြုနိုင်မယ့် စနစ်တစ်ရပ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ မကြာမီ ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««