ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် နိုဝင်ဘာ ၂၅ ရက်မှ စတင်၍ အော်တိုတယ်လီဖုန်းနံပါတ်များ ပြောင်းလဲမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေနဲ့ လက်ရှိအသုံးပြုနေတဲ့ အော်တိုတယ်လီဖုန်းနံပါတ်များကို ဂဏန်း (၇) လုံးပါရှိတဲ့ အော်တိုတယ်လီဖုန်းနံပါတ်အသစ်များနဲ့ ပြောင်းလဲ တပ်ဆင်ပေးသွားမည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း) တို့မှာ နိုဝင်ဘာလ ၂၅ ရက်မှ စတင် ပြောင်းလဲသွားမယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း) တို့ရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနဲ့ ပြောင်းလဲတပ်ဆင်ပြီး ကေဘယ်ကွန်ရက်စနစ် (Cable Network) အား ယခုလက်ရှိ ကြေးနန်းကြိုး (Copper Cable) အသုံးပြုစနစ်မှ မြန်နှုန်းမြှင့် သတင်းအချက်အလက်ဝန်ဆောင်မှုပေးနိုင်တဲ့ ဖန်ကြိုးမျှင် (Fiber Cable) အသုံးပြုစနစ်သို့ ပြောင်းလဲတပ်ဆင်မှာ ဖြစ်သလို နိုဝင်ဘာလ ၂၅ ရက်မှ စတင်ကာ အော်တိုတယ်လီဖုန်း နံပါတ်တွေကို ပြောင်းလဲသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

တယ်လီဖုန်း နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလ အတွင်း Call Forward ဝန်ဆောင်မှုကို ၂၀၂၀ ခုနှစ်၊ မေလအကုန် အထိ အခမဲ့ ပေးထားမှာဖြစ်ပြီး သုံးစွဲသူတွေအနေနဲ့ နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းမှာ လက်ရှိနံပါတ် သို့မဟုတ် နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။