ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးကို အထူးအလေးပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးကို အထူးအလေးပေးဆောင်ရွက်ရမှာဖြစ်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

“တိုင်းရင်းသားလူမျိုးပေါင်း များစွာနဲ့ မတူကွဲပြားမှုများစွာ ရှိနေတဲ့ ကျွန်မတို့နိုင်ငံမှာ အချင်းချင်းကြားမှာရှိတဲ့ သံသယတွေ၊ မယုံကြည်မှုတွေကြောင့်ပဲ ယနေ့ထိ ရုန်းကန်နေရဆဲ ဆိုတာကိုလည်း အားလုံးအသိပါပဲ။ ယုံမှားသံသယတွေ ကင်းပြီး အချင်းချင်း နားလည်မှုတွေ ရှိမှလည်း ကျွန်မတို့ မျှော်မှန်းထားတဲ့ ဒီမိုကရေစီနိုင်ငံ၊ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ ဖြစ်ပေါ်လာမှာပါ။ ဒါကြောင့် ပညာရည်ပြည့်ဝပြီး အမြင်ကျယ် သဘောထားကြီးတဲ့ လူ့အသိုင်းအဝိုင်း ဖြစ်ပေါ်လာရအောင် ပညာရေးကဏ္ဍမှာ ဦးစားပေးမြှုပ်နှံ ရင်းနှီးဆောင်ရွက်ကြရတာ ဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်ရာမှာ ရန်ကုန်တက္ကသိုလ် က သမိုင်းအစဥ်အလာကောင်းတွေကို ထိန်းသိမ်းပြီး ကျွန်မတို့နိုင်ငံ အတွက် လူသားအရင်းအမြစ်တွေ၊ နိုင်ငံတည်ဆောက်ရန် လုပ်ငန်းစဥ် အသီးသီးမှာ အတူတကွ လက်တွဲ ပါဝင်ထမ်းရွက်ကြမည့် လူသားအရင်းအမြစ်တွေကို မွေးထုတ် ပေးနိုင်ဦးမယ်ဆိုတာလည်း ယုံကြည်ပါတယ်။ ဒါ့ကြောင့် ရန်ကုန်တက္ကသိုလ် ရာပြည့်ကာလမှာသာမက ရှေ့ဆက်ပြီးတော့လည်း ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးကို အထူးအလေးပေးရမှာ ဖြစ်ပါတယ်။ ဒီလို လုပ်ငန်းစဥ်တွေကို ခိုင်ခိုင်မာမာ ဆောင်ရွက်နိုင်ဖို့ အတွက် လုပ်ငန်းကော်မတီတွေ၊ လုပ်ငန်းအဖွဲ့တွေ ဖွဲ့စည်းပြီး မဟာစီမံကိန်း (Master Plan) တစ်ခု ရေးဆွဲအကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ကို ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရတဲ့ တက္ကသိုလ် (Autonomous University) ဖြစ်စေဖို့ ရည်မှန်းချက်ထားဆောင်ရွက်နေတာဖြစ်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

သင်ရိုးညွှန်းတမ်းတွေကို ပြောင်းလဲနေတဲ့ ကမ္ဘာကြီးနဲ့ လိုက်လျောညီထွေ ဖြစ်ပြီး နိုင်ငံတော်ရဲ့ လိုအပ်ချက်တွေနဲ့ အညီ ပြန်လည်ဆန်းစစ်ကာ မွမ်းမံပြင်ဆင်သွားမှာ ဖြစ်ပြီး နိုင်ငံတကာတက္ကသိုလ်တွေနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

-သန္တာ

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««