ရန်ကုန်တက္ကသိုလ် ရာပြည့်သိပ္ပံပွဲခင်း ၂၀၁၉ ကျင်းပ

ရန်ကုန်တက္ကသိုလ်ရာပြည့် သိပ္ပံပွဲခင်း-၂၀၁၉ ကို ဒီဇင်ဘာ ၁၂ ရက်မှ ဒီဇင်ဘာ ၁၄ ရက်အထိ ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာခန်းမမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ပြပွဲကို ကျောင်းသား၊ ကျောင်းသူများအတွက် သိပ္ပံနည်းကျ စဉ်းစားတွေးခေါ်မှုများနဲ့ စတုတ္ထပညာခေတ်အတွက် လိုအပ်တဲ့အရည်အသွေးများကို ပြုစုပျိုးထောင်ပေးရန်၊ သင်ကြားမှုအထောက်အကူပြုပစ္စည်းများ၊ သုတေသန လုပ်ငန်းသုံးစက်ကိရိယာများနဲ့ ပတ်သက်တဲ့ သိပ္ပံနည်းပညာများ ပြည်သူများအတွင်း အသိပညာပြန့်ပွားလာ စေရန်၊ တက္ကသိုလ်များနဲ့ စက်မှုကုန်ထုတ်လုပ်ငန်းများ၊ လူမှုစီးပွားရေးအဖွဲ့အစည်းများအတွင်း သုတေသနနဲ့ သင်ကြားသင်ယူမှုလုပ်ငန်းများရဲ့ ပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်ရန် ရည်ရွယ်ကာ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါတယ်။

သိပ္ပံပွဲခင်းမှာ ဆန်းသစ်တီထွင် သိပ္ပံပြပွဲ၊ ပြိုင်ပွဲများ၊ သုတေသနနှင့်ပညာရပ်ဆိုင်ရာလှုပ်ရှားမှုများ၊ ကုမ္ပဏီအဖွဲ့အစည်းများရဲ့ နည်းပညာပြပွဲများ၊ နည်းပညာတက္ကသိုလ်နဲ့ ကွန်ပျူတာတက္ကသိုလ်များရဲ့ နည်းပညာဆိုင်ရာပြခန်းများ အပါအဝင် ပြခန်းပေါင်း ၅၀ ကျော်နဲ့ ပါဝင်ပြသလျက်ရှိပါတယ်။

ရန်ကုန်တက္ကသိုလ် ရာပြည့်သိပ္ပံပွဲခင်း-၂၀၁၉ ဖွင့်ပွဲအခမ်းအနားကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဝင့်၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်နဲ့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာဖိုးကောင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။

-သန္တာ