ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်အထိမ်းအမှတ် နိုင်ငံတကာသုတေသနညီလာခံကျင်းပ

ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်အခမ်းအနား အထိမ်းအမှတ်အဖြစ် Virtual စနစ်နဲ့ ကျင်းပလျက်ရှိတဲ့ နိုင်ငံတကာသုတေသနညီလာခံကို Transformation Processes in Myanmar V ခေါင်းစဉ်ဖြင့် ရန်ကုန်တက္ကသိုလ်နဲ့ ဂျာမဏီနိုင်ငံ၊ ကိုလုံးတက္ကသိုလ်တို့ ပူးပေါင်းကာ နိုဝင်ဘာ ၂၇ ရက်မှ ၂၈ ရက်ထိ ကျင်းပလျက်ရှိပါတယ်။

ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့် အထိမ်းအမှတ်အဖြစ် အစီအစဉ်ပေါင်းများစွာကို တစ်နှစ်ပတ်လုံး ကျင်းပလျက်ရှိရာ ယနေ့မှစတင်၍ ၂ ရက်ကြာ ကျင်းပလျက်ရှိတဲ့ နိုင်ငံတကာသုတေသနညီလာခံသို့ ပြည်တွင်း ပြည်ပ ပညာရှင်ပေါင်း ၉၂ ဦးက နိုင်ငံတကာသုတေသနစာတမ်းပေါင်း (၄၁) စောင်ကို ဖတ်ကြားဆွေးနွေး ကြသည့်အတွက် များစွာ ကျေးဇူးတင်ရှိ၍ ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ပညာရှင်များက သုတေသနစာတမ်းများ ပါဝင်ဆွေးနွေးကြခြင်းသည် မြန်မာ နိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြင့်မားလာမှု၏ အထောက်အထားပင်ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် တက္ကသိုလ်တစ်ခု၏ သုတေသန၊ သင်ကြားရေးနှင့် စီမံခန့်ခွဲရေး၏ အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်ကြောင်း၊ ယင်း၏ အသီးအပွင့်များကို တက္ကသိုလ်များမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ စီမံခန့်ခွဲရေး ဝန်ထမ်းများအားလုံး ရရှိခံစားနိုင်မည် ဖြစ်ကြောင်း၊ ပညာရပ်ဆိုင်ရာ အတွေးအမြင်၊ အယူအဆ၊ အတွေ့အကြုံကောင်းများ၊ ဖြေရှင်းနည်းများသည် ထိရောက်သော သင်ယူမှုဝန်းကျင်ကောင်းကို ဖန်တီးရာတွင် လည်းကောင်း၊ နယ်ပယ်စုံတွင် ပညာဗဟုသုတ အတွေ့အကြုံများကို ဝေမျှရာတွင်လည်းကောင်း များစွာအထောက်အကူပြုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ASEAN University Network နှင့် Erasmus+ University Network ကဲ့သို့သော နိုင်ငံတကာ သိပ္ပံပညာရပ်ကွန်ရက်များမှ တက္ကသိုလ်များ၊ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် အပြန်အလှန် အသိအမှတ်ပြုမှုနှင့် အပြန်အလှန် နားလည်ယုံကြည်မှု တိုးတက်မှု ကို ထင်ဟပ်ကြောင်း၊ ဤသို့ နိုင်ငံတကာသုတေသနညီလာခံများ ကျင်းပခြင်းဖြင့် ၂၀၀၃ ခုနှစ်တွင် ရေးထိုးခဲ့သော နားလည်မှု စာချွန်လွှာအရ ရန်ကုန်တက္ကသိုလ်နှင့် ကိုလုံးတက္ကသိုလ်တို့၏ အကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ပြီး ပိုမိုခိုင်မာသော ဆက်ဆံရေးကို နှစ်ပေါင်းများစွာ ဆက်လက်ထူထောင်နိုင်မည် ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် အရည်အသွေးအခြေပြု ရာထူးတိုးမြှင့်ရေးမူများအရ ပြည်တွင်း၊ ပြည်ပ သုတေသနလုပ်ငန်းများကို အားပေးလျက်ရှိကြောင်း၊ ရန်ကုန်တက္ကသိုလ် အပါအဝင် တက္ကသိုလ် ၁၆ ကျောင်းတွင် ပညာရပ်ဆိုင်ရာ လွတ်လပ်ခွင့်ကို ကနဦးကျင့်သုံးလျက်ရှိကြောင်း၊ ဆရာဖလှယ်ရေး၊ ကျောင်းသား ဖလှယ်ရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ကျင်းပသော နိုင်ငံတကာသုတေသနညီလာခံကဲ့သို့သော ညီလာခံများ၊ ဆွေးနွေးပွဲများ၊ အရည်အသွေးမြှင့်တင်ရေးသင်တန်းများသည် ပညာရပ်ဆိုင်ရာ တီထွင်ဆန်းသစ်မှုများအတွက် ပြောဆိုဆွေးနွေးနိုင်သော Platform များ ဖြစ်ကြောင်းနှင့် ဆန်းသစ်သော သုတေသနတွေ့ရှိချက်များကို ဤညီလာခံတွင် ပွင့်လင်းစွာ အကြံပြုဆွေးနွေးပေးကြရန် တိုက်တွန်းကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။

သုတေသနညီလာခံတွင် နိုင်ငံပေါင်း (၁၁) နိုင်ငံရှိတက္ကသိုလ်များနှင့် ပြည်တွင်းတက္ကသိုလ် ပေါင်း (၂၀) မှ သုတေသနပညာရှင်ပေါင်း ၉၂ ဦးက တို့က သုတေသနစာတမ်းပေါင်း (၄၁) စောင်ကို ဖတ်ကြားဆွေးနွေးခဲ့ကြပြီး ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံတက္ကသိုလ်များမှ ပါမောက္ခများ၊ ပြည်တွင်းပြည်ပ စာတမ်းရှင်များ စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««