ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ ကျင်းပ

Sustainable Development Goals to Transform Peaceful and Prosperous Myanmar ခေါင်းစဉ်ဖြင့် ကျင်းပသည့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကို နိုဝင်ဘာ ၁၉ ရက်က ရန်ကုန်တက္ကသိုလ် သုတေသနစင်တာမှာ ဗီဒီယိုကွန်ဖရင့်စနစ်နဲ့ကျင်းပခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ်သည် ပြည်ထောင်စုကြီးတွင် နေထိုင်ကြသည့် တိုင်းရင်းသား ညီအစ်ကို မောင်နှမ ပြည်သူအားလုံး၏နှလုံးသား ဖြစ်သလို ပြည်ထောင်စုကြီးတွင်ရှိသည့် တက္ကသိုလ် အားလုံး၏မိခင်၊ ဂုဏ်ဆောင်တက္ကသိုလ်အဖြစ် တန်ဖိုးထားမြတ်နိုးကြကြောင်း၊ တက္ကသိုလ်၏ အသက်သွေးကြောသည် သုတေသနဖြစ်သည့်အတွက် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်အထိမ်းအမှတ်အဖြစ် ယခု သုတေသနစာတမ်းဖတ်ပွဲကို Sustainable Development Goals to Transform Peaceful and Prosperous Myanmar ခေါင်းစဉ်ဖြင့် ဦးစီးကျင်းပသည့် ပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌ ဆရာကြီး ဒေါက်တာဇော်ဝေစိုး၊ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာဖိုးကောင်းနှင့် တာဝန်ရှိသူများ၊ စာတမ်းဖတ်ကြားသည့် ဆရာဆရာမ၊ ပညာရှင်(၇၆) ဦးတို့ကိုလည်း အထူးဂုဏ်ပြုအပ်ကြောင်း၊ ၂၀၁၆ ခုနှစ် Sustainable Development Report တွင် မြန်မာနိုင်ငံ၏ SD အညွှန်းကိန်းမှာ ၄၄ ဒသမ ၅ ဖြစ်၍ ၂၀၂၀ ခုနှစ်တွင် SD အညွှန်းကိန်းမှာ ၆၄ ဒသမ ၆ အထိ တိုးတက်လာသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ယခု သုတေသနညီလာခံကလည်း SD အညွှန်းကိန်းများနှင့် နိုင်ငံတကာတက္ကသိုလ် အဆင့်မြင့်မားလာစေရေးတို့ကို အထောက်အကူ ဖြစ်စေမည်ဟု ယုံကြည်ကြောင်း၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးနေရသည့် ကာလဖြစ်၍ ယခု သုတေသနညီလာခံကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် စီစဉ်ကျင်းပရခြင်း ဖြစ်သောကြောင့် ဆရာ ဆရာမများ အားလုံးတို့ကို ရှိရင်းအရင်းအမြစ်နှင့် တီထွင်ကြံဆ ဖြေရှင်းဆောင်ရွက်တတ်အောင် သင်ကြားသင်ယူပေးသည့် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ အားလုံးတို့၏ ကျေးဇူးအင်မတန်ကြီးမားကြောင်း၊ ယခု သုတေသန ညီလာခံတွင် သုတေသနစာတမ်းများ ဖတ်ကြားဆွေးနွေးခြင်း၊ အမြင်ချင်းဖလှယ်ကာ အကြံဉာဏ်ပေးခြင်း၊ စီးပွားရေးလုပ်ငန်း လူ့အဖွဲ့အစည်းများကို ကူညီပံ့ပိုးရန် ကြိုးစားဆောင်ရွက်ခြင်း၊ ကျောင်းသား ကျောင်းသူများ အား စာတွေ့လက်တွေ့ လုပ်ငန်းခွင်နှင့် ချိတ်ဆက်ပေးရန် ကြိုးပမ်းဆောင်ရွက်ခြင်းတို့ကို အထူးဂုဏ်ယူစွာ ချီးကျူးကြောင်း၊ သဘာဝသယံဇာတ အရင်းအမြစ်များသည် limited resources ဖြစ်ကြောင်း၊ သင်ယူခြင်း Learning ကမူ infinite resources အနန္တအရင်းအမြစ်များ ဖြစ်သလိုinfinite treasure အနန္တ ရတနာသိုက် ဖြစ်ကြောင်း၊ ရန်ကုန်တက္ကသိုလ်ကြီး၏ အမှတ်တံဆိပ်တွင် ဖော်ပြထားသည့် “နတ္ထိ ဝိဇ္ဇာ၊ သမံ မိတ္တံ“ ၏ဆိုလိုရင်းမှာ “ပညာသင်ယူခြင်းနှင့် တူသော မိတ်ဆွေသည် မရှိ” ဟူသည့်အတိုင်း ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံး မိမိတို့၏ မိတ်ဆွေစစ် မိတ်ဆွေမှန်မှာ သင်ယူခြင်းဖြစ်၍ တစ်သက်တာလုံး သင်ယူကြစေလိုကြောင်း၊ ရန်ကုန်တက္ကသိုလ်ကြီးသည် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးတို့အတွက် အကျိုးရှိသည့် ဘာသာရပ်များကို တစ်သက်တာသင်ယူနိုင်သည့် ဂုဏ်ဆောင် တက္ကသိုလ်ကြီးဖြစ်ပြီး ကမ္ဘာတည်သရွေ့ တည်တံ့ပါစေရန် ဆုမွန်ကောင်း ပို့သပါကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်အထိမ်းအမှတ် သုတေသန ညီလာခံကို နိုဝင်ဘာ ၁၉ ရက် နဲ့ ၂၀ တွေမှာ ကျင်းပသွားမှာ ဖြစ်ပြီး တက္ကသိုလ် (၄၂) ခုမှ ဆရာ၊ ဆရာမ သုတေသန စာတမ်းပညာရှင် (၇၆) ဦးတို့က သုတေသနစာတမ်း (၇၆) စောင်ကို ဖတ်ကြားကြမှာဖြစ်တယ်လို့ သိရပါတယ်။

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««