
ရန်ကုန်တက္ကသိုလ်ရာပြည့်သဘင် အခမ်းအနားကို ဒီဇင်ဘာ ၁ ရက်မှာ Virtual Celebration အဖြစ် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ရန်ကုန်တက္ကသိုလ်ရာပြည့်အခမ်းအနားမှာ အစီအစဥ် ၁၀၀ ဝန်းကျင်ပါဝင်မှာ ဖြစ်ပြီး အဆိုပါ အစီအစဥ်တွေကို ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ကူညီပံ့ပိုးမှုနဲ့ စီစဥ်ဆောင်ရွက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အစီအစဥ်များ အတွက် ပြိုင်ပွဲဝင်ဆုနဲ့ ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်မယ့် အဆိုပြုအခမ်းအနားအစီအစဥ် ၇ ခုတွင် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် သုတေသနစာတမ်းဖတ်ပွဲ ကျင်းပရေးကော်မတီ ပါမောက္ခချုပ်များကော်မတီ ဥက္ကဌ ဒေါက်တာဇော်ဝေစိုး ဦးစီးဆောင်ရွက်ခဲ့တဲ့ သုတေသန စာတမ်းဖတ်ပွဲကျင်းပမှု ဗီဒီယိုနဲ့ ဂုဏ်ပြုချီးမြှင့်တဲ့ အစီအစဥ်ကို ထည့်သွင်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်တက္ကသိုလ်ရာပြည့်သဘင် အခမ်းအနား Virtual Celebration ဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၃ ရက်၊ နံနက် ၁၀ နာရီက ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန နဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကာ ဗီဒီယိုကွန်ဖရင့်စနစ်နဲ့ ကျင်းပခဲ့ပါတယ်။
အခမ်းနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဌာန မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌ ဆေးဆက္ကသိုလ် (၁) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုး၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါင်တာဖိုးကောင်းနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
-သန္တာ
»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««