
ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ရဲ့ ဝန်ဆောင်မှုတွေကိုအွန်လိုင်းမှရယူနိုင် မယ်လို့ University of Yangon Library က ထုတ်ပြန်ထားပါတယ်။
အွန်လိုင်းကနေရယူနိုင်မယ့် ဝန်ဆောင်မှုတွေက စာအုပ်များ အလွယ်တကူရှာဖွေနိုင်ခြင်း၊ ငှားရမ်းမယ့်နေ့ရက်ကို ကြိုတင်ချိတ်ဆက်နိုင်ခြင်း၊ ငှားရမ်းပြီးသား စာအုပ်ကို ငှားရမ်းရက် သက်တမ်းတိုးမြှင့်ခြင်းနဲ့ အချို့သော စာအုပ်များကို Download လုပ်ဆောင်ခြင်း စတာတွေ ဖြစ်တယ်လို့ သိရပါတယ်။
ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမတွေနဲ့ သုတေသီတွေ အနေနဲ့ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်(UYL)မှာ စုဆောင်းထားရှိသော အင်္ဂလိပ်၊ မြန်မာ စာအုပ်များ၊ eResource database များကို မိမိတို့နေအိမ်မှ UY website https://www.uy.edu.mm/ မှတစ်ဆင့် UYLibrary ( https://www.uy.edu.mm/e-library/ ) မှာ ရှာဖွေနိုင်မှာဖြစ်ပါတယ်။ ရှာဖွေရာမှာ လိုအပ်တဲ့ စာအုပ်တွေကို UYLibrary ရှိ Online Catalogue မှာ စာရေးသူအမည်၊ စာအုပ်အမည်၊ ပညာရပ်အမည်တို့နဲ့ အလွယ်အကူ ရှာဖွေနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
Database A-Z အောက်တွင် eRsource database များမှ မိမိတို့လိုအပ်တဲ့ ebook တွေနဲ့ article တွေကိုလည်း ရှာဖွေနိုင်မှာဖြစ်သလို စာငှားကောင်တာကနေ ငှားရမ်းထားတဲ့ စာအုပ်တွေကို စာငှားရက်ထပ်တိုးခြင်း ပြုလုပ်လိုပါက [email protected], ဖုန်း – ၀၉၅၁၅၃၇၂၅၀ မှ တစ်ဆင့် ပြုလုပ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရန်ကုန်တက္ကသိုလ်ရဲ့ Repository (uyr.uy.edu.mm) မှာ လွှင့်တင်ထားတဲ့ ပြည်တွင်း ပြည်ပ သုတေသနစာစောင်တွေနဲ့ ကျမ်းတွေရဲ့ အနှစ်ချုပ်တွေကို pdf full-text version နဲ့ download ရယူ ဖတ်ရှုနိုင်မယ်လို့ သိရပါတယ်။
သုတ−ရသ စာအုပ်တွေကို အသစ်ငှားရမ်းလိုပါက UYLibrary ရှိ Online Catalogue ရဲ့ https://www.uy.edu.mm/e-library/ မှ ငှားရမ်းလိုသော စာအုပ်ရဲ့ Call number (Class number, Author initial နဲ့ Accession number) တို့ကို မှတ်သားပြီး email, တယ်လီဖုန်းမှ တစ်ဆင့် ကြိုတင်အကြောင်းကြားကာ သတ်မှတ်သောရက်တွင် လာရောက် ငှားရမ်းနိုင်ကြောင်း University of Yangon Library က အသိပေး ထုတ်ပြန်ထားပါတယ်။
-ကျော်ဇေယျ