ရခိုင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းအောင်ချက် မြင့်မားရေးအတွက် လွှတ်တော်တွင် ဆွေးနွေး

ရခိုင်ပြည်နယ်မှာ တက္ကသိုလ်ဝင်တန်းအောင်ချက် အနည်းပါးဆုံးအဖြစ် ငါးနှစ်ဆက်တိုက်ဖြစ်နေတဲ့အတွက် ပြည်နယ်ပညာရေးမှူးက အောင်ချက်လုံးဝမရှိတဲ့ ကျောင်းတွေကို ခေါ်ယူတွေ့ဆုံပြီး အောင်မြင်တဲ့ကျောင်းသား၊ ကျောင်းသူများဖြစ်အောင် ကြပ်မတ်ဆောင်ရွက်သွားမှာဖြစ်သလို အောင်ချက်တိုးတက်လာအောင် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ စက်တင်ဘာ ၅ ရက်ကကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ ထည့်သွင်း ဆွေးနွေးခဲ့ကြပါတယ်။

နေပြည်တော်မှာကျင်းပတဲ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၁၇ ရက် မြောက်နေ့ (၅.၉.၂၀၁၉) မှာ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ ဒေါ်ထုမေမေးမြန်းသည့် “ရခိုင်ပြည်နယ် သည် တက္ကသိုလ်ဝင်တန်းအောင်ချက် အနိမ့်ပါးဆုံးအဖြစ် ငါးနှစ်ဆက်တိုက် ရပ်တည်နေရသည့် အကြောင်းအရင်း များကို သိရှိလိုခြင်းနှင့် လာမည့် ၂၀၂ဝ ခုနှစ်တွင် အောင်ချက်မြင့်တက်လာစေရန် မည်သို့စီစဉ်ဆောင်ရွက်ထားကြောင်း သိရှိလိုခြင်း”နဲ့ စပ်လျဉ်းတဲ့ ကြယ်ပွင့်ပြမေးခွန်းကို ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည် ဖြေကြားရာမှာ ထည့်သွင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ထက်ဆင့်သင်ဆရာ၊ ကျောင်းသားအချိုးသည် (၁:၂၁)၊ လယ်ဆင့်သင် ဆရာ၊ ကျောင်းသားအချိုး သည် (၁:၁၆)၊ မူဆင့်သင်ဆရာ၊ ကျောင်းသားအချိုးသည် (၁:၂၄) ဖြစ်ကြောင်း ဒုဝန်ကြီးက ဆိုပါတယ်။ ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် စစ်တွေတက္ကသိုလ်နဲ့ ပူးပေါင်းပြီး အောက်တိုဘာလနဲ့ နိုဝင်ဘာလ များမှာ ဘာသာရပ်ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်း၊ နိုဝင်ဘာလမှစပြီး ပြည်နယ်ပညာရေးမှူးရုံးမှ ပြုစုသော အကြိုစစ်ဆေးမေးခွန်းများကို ဖြေဆိုစေခြင်းနှင့် အောင်ချက်ရာခိုင်နှုန်းများကို ပြည်နယ်သို့တင်ပြစေခြင်းနဲ့ ပြည်နယ်ပညာရေးမှူးက အောင်ချက်လုံးဝမရှိသော ကျောင်းများကို ခေါ်ယူတွေ့ဆုံပြီး အောင်မြင်သောကျောင်းသား၊ ကျောင်းသူများဖြစ်အောင် ကြပ်မတ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဒုဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီးနဲ့ ပြည်နယ်ပညာရေးမှူးတို့ ဦးဆောင်ပြီး အောင်ချက်မြင့်မားရေးအတွက် မြို့နယ်အလိုက် အခြေခံပညာကျောင်းများတွင် မိဘဆရာများနှင့်တွေ့ဆုံကာ ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်း၊ ခရိုင်ပညာရေးမှူးများအား မိမိခရိုင်အတွင်းရှိ ကျောင်းများသို့ ကွင်းဆင်းပြီး လပိုင်း မာတိကာနှင့် အညီ သင်ကြားမှုရှိ/မရှိ၊ ဆရာအင်အားလုံလောက်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ အထက်တန်းပြ ဆရာ၊ ဆရာမများကို ဘာသာရပ်အလိုက် ကျွမ်းကျင်စွာ သင်ကြားရေးအတွက် မြို့နယ်အလိုက် မွမ်းမံသင်တန်းများ ပို့ချပေးမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဒါကြောင့် ရခိုင်ပြည်နယ်မှာ အောင်ချက်မြင့်မားရေးအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးပက တက္ကသိုလ်ဝင်အောင်ချက်မြင့်မားရေးကို ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်းနဲ့ ပညာရေးဝန်ကြီးဌာနအနေဖြင့် အထက်ပါ ဆရာ၊ ကျောင်းသားအချိုးများအရ သင်ကြားရေးဝန်ထမ်းများကို ပြည့်စုံအောင် ဖြည့်ဆည်းခန့်ထားပေးခြင်း ဆောင်ရွက်မှာဖြစ်သလို သင်တန်းများပို့ချပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း ပညာဝန်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ထည့်သွင်းဖြေကြားခဲ့ပါတယ်။

-ကျော်ဇေယျ