ယူအေအီးရဲ့ သတင်းအချက်အလက်စုဆောင်းရေး app ဖြစ်တဲ့ ToTok ကို Apple နဲ့ Google ဖြုတ်ချခဲ့

သူငယ်ချင်းနဲ့ မိသားစုဝင်တွေနဲ့ လုံခြုံစွာစကားပြောနိုင်တဲ့ နာမည်ကျော် ToTok ဟာ တိတ်တဆိတ် စောင့်ကြည့်ရေး tool တစ်ခုဖြစ်ပါတယ်။

ယူအေအီးဟာ ToTok ကို download ပြုလုပ်သူတွေရဲ့ လုပ်ဆောင်ချက်ကို ခြေရာခံနေပါတယ်။ ToTok ကို လွန်ခဲ့တဲ့လအနည်းငယ်က ဖြန့်ချိပြီးနောက် ကမ္ဘာတစ်ဝန်း အကြိမ်ရေသန်းပေါင်းများစွာ download ပြုလုပ်ခဲ့ကြပါတယ်။ ToTok ဟာ လူပေါင်းများစွာကို တိတ်တဆိတ်စောင့်ကြည့်တဲ့ tool တစ်ခုဖြစ်ကာ စကားအပြန်အလှန်ပြောဆိုမှု၊ လှုပ်ရှားမှု၊ လူအချင်းချင်း ဆက်ဆံမှု၊ ချိန်းဆိုမှု၊ အသံနဲ့ သုံးစွဲသူရဲ့ ရုပ်ပုံတွေကို စောင့်ကြည့်နိုင်စွမ်းရှိပါတယ်။ App သုံးစွဲသူ အများစုဟာ ယူအေအီးကဖြစ်ပေမယ့် အမေရိကန်အတွင်း သုံးစွဲသူများစွာ ရှိလာပါတယ်။

ကွန်ပျူတာလုံခြုံရေးကျွမ်းကျင်ပညာရှင်တွေရဲ့ ပြောကြားချက်အရ ToTok နောက်ကွယ်က ကုမ္ပဏီဟာ Breej Holding ဖြစ်ပါတယ်။ Breej Holding ဟာ DarkMatter ကုမ္ပဏီရဲ့မျက်နှာစာနဲ့ အဘူဒါဘီမြို့အခြေစိုက် ဆိုက်ဘာသတင်းထောက်လှမ်းရေးနဲ့ hacking ကုမ္ပဏီလည်း ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီမှာ အီမီရတီ ထောက်လှမ်းရေးအာဏာပိုင်တွေ၊ နိုင်ငံတော်လုံခြုံရေးအေဂျင်စီ ဝန်ထမ်းဟောင်းတွေနဲ့ အစ္စရေးစစ်ထောက်လှမ်းရေးဟောင်းကို ခန့်အပ်ထားတယ်လို့ New York Times ကဖော်ပြခဲ့ပါတယ်။

မကြာသေးခင်က ToTok ကို Apple နဲ့ Google app store ကနေ ဖြုတ်ချခဲ့ပေမယ့် သုံးစွဲသူက ထုတ်ကုန်ကနေ မဖျက်သေးခင်အထိ ဆက်လက်ရှင်သန်နေနိုင်ပါသေးတယ်။ အစိုးရတွေအနေနဲ့ ပစ်မှတ်တွေက သတင်းအချက်အလက်ကို စုဆောင်းဖို့ app အသုံးပြုပြီး လျှို့ဝှက်လုပ်ဆောင်နေတဲ့ ကိစ္စအပေါ် လူတွေ စိုးရိမ်လာကြပါတယ်။ ၁၅ စက္ကန့်စာ ဗီဒီယိုတွေနဲ့ ကျော်ကြားလာတဲ့ နာမည်ကျော် တရုတ် app TikTok ဟာ သုံးစွဲသူအချက်အလက်တွေကို လျှို့ဝှက်စွာ တရားမဝင်စုဆောင်းပြီး တရုတ်ပြည်ကို ပို့ဆောင်နေတယ်လို့ စွပ်စွဲထားကြပါတယ်။

ဒီလအစောပိုင်းမှာ TikTok ကိုလူပေါင်းများစွာက တရားစွဲဆိုဖို့ အဆိုပြုထားကြပါတယ်။ အမေရိကန်အစိုးရကလည်း TikTok ကို လုံခြုံရေး အန္တရာယ်အဖြစ် သတ်မှတ်ဖို့ စီစဉ်နေပါတယ်။

စိုးထက်
Ref: CNET