ယူနီကုဒ်စံစနစ်ကူးပြောင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်အတွက် ရုပ်ရှင်၊ ဂီတ၊ သဘင်အစည်းအရုံးများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့

မြန်မာယူနီကုဒ်စံစနစ် ကူးပြောင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်တွေအတွက် ရုပ်ရှင်၊ ဂီတ၊ သဘင်အစည်းအရုံးများမှ ပညာရှင်တွေ တွေ့ဆုံပွဲကို စက်တင်ဘာ ၈ ရက်က MICT Park ရှိ Main Building မှာကျင်းပပြုလုပ်ခဲ့ပြီး ယူနီကုဒ်ကူးပြောင်းရေးဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

“ယူနီကုဒ်ထည့်သွင်းနိုင်ဖို့အတွက် ဖုန်းဆိုင်တွေနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်၊ ပြီးတော့ Telco နဲ့ပူးပေါင်းဆောင် ရွက်မှုတွေလည်း လုပ်သွားမယ်၊ နောက်ပြီး လူထုကြားလှုပ်ရှားမှုတွေဖြစ်တဲ့ လူသွားများတဲ့နေရာတွေ ၊ စျေးတွေ၊ ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ ပွဲအခမ်းအနားတွေမှာ အနုပညာရှင်တွေနဲ့အတူ ပရဟိတ လူငယ်တွေပေါင်းပြီး ပညာပေးဆောင်ရွက်မှုတွေလုပ်သွားမှာပါ” လို့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးသောင်းစုငြိမ်းက အဆိုပါအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

ယူနီကုဒ်စံစနစ်ကူးပြောင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်အတွက် ရုပ်ရှင်၊ ဂီတ၊ သဘင်အစည်းအရုံးများနှင့် တွေ့ဆုံပွဲ အခမ်းအနားမှာ သက်ဆိုင်ရာအစည်းအရုံးမှ တာဝန်ရှိသူတွေကလည်း ယူနီကုဒ်စံစနစ် ကူးပြောင်းရေးအတွက် လိုအပ်သည့် အခန်းကဏ္ဍမှ ပူးပေါင်းဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အခမ်းအနားကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး၊ ဒုတိယဝန်ကြီး ဦးသာဦးနှင့် ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း တက်ရောက်ခဲ့ပါတယ်။ ရုပ်ရှင်၊ ဂီတ၊ သဘင်အစည်းအရုံးမှ တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ပါတယ်။

နိုင်ငံတော်အစိုးရမူဝါဒလမ်းညွှန်မှုနဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ဦးဆောင်မှုနဲ့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် အပါအဝင် ပညာရှင်တွေပူးပေါင်းကာ လာမယ့် အောက်တိုဘာ ၁ ရက်မှာ မြန်မာယူနီကုဒ်စံစနစ်ကို တစ်နိုင်ငံလုံးအတိုင်းအတာကူးပြောင်းရေး လုပ်ငန်းစဉ်အခမ်းအနားကို နေပြည်တော်မှာ ထပ်မံပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။