ယာဉ်မောင်းတွေ ဖုန်းပြောတာကို ခြေရာခံပေးမယ့် ကင်မရာ ဩစတြေးလျမှာ ဖြန့်ချိ

ယာဉ်မောင်းတွေ ကားမောင်းရင်း ဖုန်းပြောတာကို ခြေရာခံဖမ်းဆီးဖို့ ဒီဇိုင်းထုတ်ထားတဲ့ ကင်မရာကို ဩစ​တြေးလျနိုင်ငံ၊ New South Wales ပြည်နယ်မှာ ဖြန့်ချိခဲ့ပါတယ်။ မိုဘိုင်းဖုန်းကို ခြေရာခံပေးမယ့် ကမ္ဘာ့ပထမဆုံးကင်မရာက ဖုန်းနဲ့ပတ်သက်ဆက်နွှယ်နေတဲ့ ကားတိုက်မှုဖြစ်ပွားတာကို လျှော့ချပေးမှာ ဖြစ်ပါတယ်။

ဩစတြေးလျရဲ့ လူဦးရေအများဆုံး ပြည်နယ် New South Wales အာဏာပိုင်တွေက လာမယ့် ၂ နှစ်ကျော် အတွင်း လမ်းမပေါ်က သေဆုံးမှု ၃၀ ရာခိုင်နှုန်း လျှော့ချနိုင်ဖို့ ကင်မရာတွေ တပ်ဆင်သွားမယ်လို့ ပြောခဲ့ပါတယ်။ ကင်မရာတွေက ရာသီဥတုအမျိုးမျိုးမှာ နေ့ရော ညပါ ဆောင်ရွက်လုပ်ကိုင်သွားမယ်လို့ NSW သယ်ယူပို့ဆောင်ရေးအာဏာပိုင်တွေက ပြောထားပါတယ်။

၂၀၁၂ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်အတွင်း မိုဘိုင်းဖုန်းနဲ့ပတ်သက်ပြီး NSW လမ်းမပေါ်မှာ မတော်တဆ သေဆုံးသူဦးရေ အနည်းဆုံး ၁၅၈ ဦး ရှိတယ်လို့ အစိုးရကခန့်မှန်းထားပါတယ်။

ကင်မရာတွေမှာ ဓာတ်ပုံတွေပြန်လည်ကြည့်ရှုတာနဲ့ ဖုန်းကို တရားမဝင် လုပ်ရပ်အတွက် သုံးစွဲတာ၊ ခြေရာခံတာတွေအတွက် artificial intelligence အသုံးပြုထားတယ်။ အာဏာပိုင်တွေက ၁ နှစ်မှာ ယာဉ်အမျိုးမျိုးရဲ့ ဓာတ်ပုံကို ၁၃၅ သန်းအထိ ရိုက်ကူးဖို့ စီစဉ်ထားပါတယ်။ အခု နည်းပညာကို ဒီနှစ် ဇန်နဝါရီနဲ့ ဇွန်လအကြား ဆစ်ဒနီက သတ်မှတ်တည်နေရာ ၂ ခုမှာ စမ်းသပ်ခဲ့ပါတယ်။ အခြားနေရာအတွင်း ကင်မရာတွေကိုလည်း ၄ ရက်ပြည့်တိုင်း ရွှေ့ပြောင်းစမ်းသပ်ခဲ့ပါတယ်။

ဩစတြေးလျမှာ ကားမောင်းစဉ် ဖုန်းကို ကိုင်တွယ်အသုံးပြုရင် ပြစ်ဒဏ်ချမှတ်မှုက သိသာထင်ရှားပါတယ်။ ဩစတြေးလျအနောက်ပိုင်းမှာတော့ ပြစ်ဒဏ်ကျူးလွန်သူတွေက ဒဏ်ငွေ ပေါင် ၂၁၀ အထိ ပေးဆောင်ရပြီး လိုင်စင်ကနေ ၃ မှတ်လျှော့ခံရမှာ ဖြစ်ပါတယ်။

စိုးထက်
Ref: Telegraph