ယခုနှစ်အတွင်း ပထမဆုံး 5G ဖုန်းကို ဖြန့်ချိဖို့ HTC စီစဉ်

လတ်တလော HTC ဟာ VR headset တွေကို အာရုံစိုက်လုပ်ကိုင်နေပါတယ်။ ဒါပေမဲ့ HTC ဟာ ၂၀၂၀ ခုနှစ် အတွင်း ကုမ္ပဏီရဲ့ ပထမဆုံး 5G ဖုန်းကို မိတ်ဆက်မယ်လို့ အမှုဆောင်အရာရှိချုပ် Yves Maitre က အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။

HTC 5G ဖုန်းအသေးစိတ်အချက်အလက်တွေ မဝေမျှခဲ့ပေမယ့် တန်ဖိုးကြီးဖုန်းလို့ သိရပါတယ်။ HTC အနေနဲ့ အလယ်အလတ်တန်းစားဖုန်းတွေအတွက် MediaTek နဲ့ Qualcomm ကထုတ်လုပ်တဲ့ 5G ပရိုဆက်ဆာတွေကိုလည်း ထည့်သွင်းဖွယ်ရှိပါတယ်။

HTC အမှုဆောင်အရာရှိချုပ် Yves Maitre က 5G နဲ့ရင်းနှီးမယ့် app တွေအပြင် virtual reality app တွေလည်း ထုတ်လုပ်မယ်လို့ ပြောခဲ့ပါတယ်။ 5G ဟာ အနုစိတ်နိုင်ပြီး bandwidth များစွာပါဝင်ကာ latency လည်း နည်းပါးတဲ့အတွက် VR အတွက် အသုံးဝင်လာနိုင်ပါတယ်။

HTC ဟာ ၂၀၁၈ ခုနှစ်အတွင်း U12+ ထုတ်လုပ်ပြီးနောက် ထိပ်တန်းဖုန်းမထုတ်လုပ်တာ ကြာမြင့်ပြီ ဖြစ်ပါတယ်။ အခုဆိုရင် Bitcoin အသားပေး Exodus 1s စမတ်ဖုန်း ဒါမှမဟုတ် ဈေးသက်သာတဲ့ ဖုန်းတွေကိုပဲ ထုတ်လုပ်ထားပါတယ်။

စိုးထက်
Ref: Engadget