မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အတွက် အချက်အလက်များ သိမ်းဆည်းထားရှိနိုင်ဖို့ ဒေတာစင်တာ အသေးတစ်ခုကို တည်ဆောက်သွားမယ်လို့ နေပြည်တော်တွင် ပြုလုပ်တဲ့ e-Government 2017 ဆွေးနွေးပွဲအတွင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက ပြောကြားခဲ့ပါတယ်။
“မန္တလေးတိုင်းဒေသကြီးအစိုးရဖွဲ့အတွက် Data Center ကို တည်ဆောက်သွားဖို့ရှိပါတယ်။ ဆောင်ရွက်သွားမှာကတော့ Data Center ကိုဒီဇင်ဘာလထဲမှာ ဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့ လုပ်ဆောင်နေတာ ဒေတာစင်တာ အသေးစားလေးပါ။ ဘဏ်တွေမှာ ထားရှိသလို ကျွန်တော်တို့ အစိုးရအဖွဲ့မှာလည်း ထားရှိသွားမှာဖြစ်ပါတယ်” ဟု ၎င်းကပြောခဲ့သည်။ အရင် ဖိုင်အဟောင်းတွေကို ပြန်လည်ရှာဖွေတဲ့ အခါမှာ မှိုတက်နေတဲ့ ဖိုင်တွေများစွာကို တွေ့ခဲ့ရတာတွေ ရှိခဲ့ကြောင်း၊ နောက်ထပ် ပြဿနာအနေဖြင့် စာဝင်စာထွက်ပျောက်ဆုံးမှုတွေရှိခဲ့ကြောင်း၊ ထို့နောက်တွင် ပြန်လည်သုံးသပ်ပြီး ၎င်းအနေဖြင့် ဒေတာစင်တာကို ထားရှိဆောင်ရွက်ရကြောင်း အဆိုပါအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
-အောင်သက်ကို