မှန်ကန်သော အထောက်အထားဖြင့် ဆင်းမ်ကတ် ပြန်လည်မှတ်ပုံတင်နိုင်ရန် ရက်ပေါင်း ၄၀ သာကျန်ရှိ

မှန်ကန်သော အထောက်အထားဖြင့် ဆင်းမ်ကတ်ပြန်လည် မှတ်ပုံတင်နိုင်ရန် ရက်ပေါင်း ၄၀ သာကျန်ရှိတဲ့အတွက် သက်ဆိုင်ရာအော်ပရေတာတစ်ခုစီမှာ သေချာစွာ ပြန်လည်မှတ်ပုံတင်ဖို့ သုံးစွဲသူတွေကို တယ်လီနောက ထပ်မံတိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံရှိ မိုဘိုင်းဖုန်း သုံးစွဲသူအားလုံး ဇွန် ၃၀ ရက် မတိုင်မီ မှန်မှန်ကန်ကန် မှတ်ပုံတင်ထားခြင်း မရှိပါက ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ထိုဆင်းမ်ကတ်များကို အပြီးပိတ်သိမ်းသွားမည်ဖြစ်ပြီး ၎င်းတို့ရဲ့ ဆင်းမ်ကတ်များကို တရားဝင် အသိအမှတ်ပြုထားတဲ့ သက်သေခံကတ်ပြားဖြင့် မှတ်ပုံတင်ရန် လိုအပ်မှာဖြစ်သလို သက်သေခံကတ်ပြားတစ်ခုလျှင် ဆင်းမ်ကတ်နှစ်ခုနှုန်းထက် ပိုမို မှတ်ပုံတင်နိုင်မည် မဟုတ်ကြောင်း၊
တယ်လီနောမြန်မာမှ သုံးစွဲသူအားလုံးကို မိမိတို့ဆင်းမ်ကတ်ရဲ့ မှတ်ပုံတင်ထားရှိမှု အခြေအနေကို စာတို ပေးပို့၍ဖြစ်စေ၊ တယ်လီနောမြန်မာဝက်ဘ်ဆိုဒ်မှ ဖြစ်စေ၊ MyTelenor မိုဘိုင်းအက်ပလီကေးရှင်း မှဖြစ်စေ စစ်ဆေးကြဖို့နှင့် မှတ်ပုံတင်ကြရန် အလေးအနက် တိုက်တွန်းထားပြီး ဆင်းမ်ကတ်မှတ်ပုံတင်ဖို့ ပျက်ကွက်ပါက ဆင်းမ်ကတ်ပိတ်သိမ်းခံရခြင်း၊ ဖုန်းဘေလ်ဆုံးရှုံးခြင်းနဲ့ ဆင်းမ်ကတ်ကို အသုံးပြုကာ ဖွင့်ထားသောအကောင့်များ ဥပမာ မိုဘိုင်း ငွေရေးကြေးရေးဝန်ဆောင်မူ အတွက် ဖွင့်ထားတဲ့အကောင့်နှင့် social media အကောင့် စသည်တို့ ဆုံးရှုံးနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

သုံးစွဲသူတွေရဲ့ ဆင်းမ်ကတ်များမှာ သက်သေခံကတ်မှာပါရှိတဲ့ နာမည်၊ မှတ်ပုံတင်နံပါတ်တို့နဲ့ တူညီရမှာဖြစ်ပြီး သုံးစွဲသူတစ်ဦးသည် အော်ပရေတာတစ်ခုစီမှ ဆင်းမ်ကတ်နှစ်ခုအထိ အသုံးပြုခွင့်ရှိပြီး အရောင်းဆိုင်များသို့ သွားရောက်ကာလည်း အခမဲ့ မှတ်ပုံတင်နိုင်ကာ ဆင်းကတ်မှတ်ပုံတင်ခြင်း အောင်မြင်ပါက ဒေတာနှင့် ဖုန်းဘီလ်များ လက်ဆောင်ရရှိမှာလည်း ဖြစ်တယ်လို့သိရပါတယ်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ လက်တလောညွှန်ကြားချက်တွင် မိုဘိုင်းဖုန်း သုံးစွဲသူတိုင်း ဆင်းမ်ကတ်မှတ်ပုံတင်ဖို့နဲ့ တစ်ဦးလျှင် အော်ပရေတာတစ်ခုစီမှ ဆင်းမ်ကတ်နှစ်ခုထက် ပိုမိုအသုံးမပြုဖို့ ဖော်ပြထားပြီး ဆင်းမ်ကတ်မှတ်ပုံတင်ဖို့ မြန်မာနိုင်ငံသားများအတွက် နိုင်ငံသားစိစစ်ရေးကတ်၊ နိုင်ငံခြားသားများအတွက် နိုင်ငံကူးလက်မှတ်သာ အကျုံးဝင်မှာ ဖြစ်ပါတယ်။