မွန်ပြည်နယ်တွင် မိုဘိုင်းဖုန်းနှင့် တက်ဘလက်များ အသုံးပြု၍ ဖွားသေစာရင်းဖြည့်စွက်ခြင်းကို ဖေဖော်ဝါရီလမှ စတင်ခဲ့

မိုဘိုင်းဖုန်းနှင့် တက်ဘလက်များ အသုံးပြု၍ ဖွားသေစာရင်း ဖြည့်စွက်ခြင်း လုပ်ငန်းစဉ်ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလက မွန်ပြည်နယ်မှာ စတင်ခဲ့တာဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့ နဲ့ Unicef အဖွဲ့တို့ ပူးပေါင်းမှုနဲ့ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄) မှာ ဇူလိုင် ၂၇ ရက်က ပြုလုပ်ခဲ့တဲ့ မွန်ပြည်နယ်မှာ မိုဘိုင်းဖုန်းနှင့် တက်ဘလက်တွေ အသုံးပြုပြီး ဖွားသေစာရင်းဖြည့်စွက်ခြင်း စီမံချက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့နဲ့ Unicef အဖွဲ့တို့မှ တာဝန်ရှိသူများက လာရောက်တင်ပြမှု ကနေ တစ်ဆင့် သိရတာဖြစ်ပါတယ်။

Unicef အဖွဲ့က Social Policy Specialist ဒေါ် Gallian စန်းစန်းအေး က မွန်ပြည်နယ်မှာ မိုဘိုင်းဖုန်းနဲ့ တက်ဘလက်များ အသုံးပြုပြီး ဖွားသေစာရင်း ဖြည့်စွက်ခြင်း စီမံချက် ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာမှာ မိုဘိုင်းဖုန်းနှင့် တက်ဘလက်တွေ အသုံးပြုပြီး ဖွားသေစာရင်းဖြည့်စွက်ခြင်းဆိုင်ရာ သင်တန်းများနှင့် မွမ်းမံသင်တန်းများ ဆောင်ရွက်ခဲ့မှုနဲ့ အရင်စာရင်းအတိုင်းပါ ဆောင်ရွက်ချက်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဆေးရုံတွေနဲ့ အခြေခံကျန်းမာရေးဝန်ထမ်းများထံ ဖြန့်ဝေထားသော Mobile Tablet များကို အသုံးပြုကာ ယခုအခါ မွန်ပြည်နယ်မှ မြို့နယ်အားလုံးရှိ ဆေးရုံနှင့် ကျန်းမာရေးဌာနတွေမှာ မိုဘိုင်းဖုန်းနှင့်တက်ဘလက်များ အသုံးပြုပြီး ဖွားသေစာရင်း ဖြည့်စွက်ခြင်းလုပ်ငန်းကို လုပ်ဆောင်နေမှုများ၊ သားဖွားဆရာမများနှင့် ဆေးရုံများမှ ဖြည့်စွက်ထားသော စာရင်းများသည် အင်တာနက်ကွန်ရက်အသုံးပြုကာ သက်ဆိုင်ရာ မြို့နယ်ဆေးရုံနှင့် ဗဟိုအဆင့်သို့ ရောက်ရှိသွားရန် ဆောင်ရွက်ထားရှိမှုများ၊ မိုဘိုင်းဖုန်းနှင့် တက်ဘလက်တွေ အသုံးပြု ဖြည့်သွင်းထားသော စာရင်းများကို အသုံးပြုကာ သက်ဆိုင်ရာ မြို့နယ်ဆေးရုံအလိုက် ဖွားသေစာရင်းမှတ်ပုံတင်ခြင်းနှင့် သက်သေခံလက်မှတ်ထုတ်ပေးခြင်းများဆောင်ရွက်ထားရှိမှုများကို တင်ပြခဲ့တာ ဖြစ်ပါတယ်။

ရှေ့လုပ်ငန်းတွေအနေနဲ့လည်း မွန်ပြည်နယ်မှာ ဆောင်ရွက်ခဲ့မှု အတွေ့အကြုံများကို ရယူကာ နိုင်ငံတစ်ဝန်းလုံးတွင် တိုးချဲ့ဆောင်ရွက်သွားရန်နဲ့ ဖွားသောစာရင်းများကို စာရွက်ဖြင့် ဖြည့်စွက်ခြင်းကို မလုပ်ဆောင်တော့ဘဲ မိုဘိုင်းဖုန်းနှင့် တက်ဘလက်များ အသုံးပြုပြီး ဖြည့်စွက်ခြင်းကိုသာ လုပ်ဆောင်ရန်တို့ကို ဓာတ်ပုံမှတ်တမ်းများ၊ စာရင်းဇယားများ၊ ဖွားသေစာရင်း ဖြည့်စွက်မှုပုံစံများနှင့် တကွ ရှင်းလင်းတင်ပြခဲ့တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

-ကျော်ဇေယျ