မြန်မာ-ယူကေ ပညာရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ဦးဆောင်ကော်မတီအစည်းအဝေး ကျင်းပပြုလုပ်

မြန်မာ-ယူကေ ပညာရေးပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် (Myanmar-UK Partnership for Education) ဦးဆောင်ကော်မတီအစည်းအဝေးကို သြဂုတ် ၁၈ ရက်က နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၁) အစည်းအဝေးခန်းမမှာ Video Conferencing နဲ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အစည်းအဝေးမှာ မြန်မာ-ယူကေ ပညာရေး ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို ၂၀၁၉ ခုနှစ်မှစတင်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် မေလတွင် အောင်မြင် မှုများစွာ ရရှိခဲ့ပြီးဖြစ်ကြောင်း၊ ယခု ဒုတိယနှစ်သို့ရောက်ရှိပြီး ပညာရေးဝန်ကြီးဌာနနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ကောင်းမွန်သောရလဒ်နှင့်အနာဂတ်တို့ကို မျှော်လင့်ကြောင်း၊ TREE(Towards Results in Education and English ) စီမံကိန်းသည် ပညာရေးကောလိပ်များတွင် ယခင်က စာသင်ခန်းအတွင်း သင်ကြားသင်ယူမှုမှ ယခု online course ဖြင့် ဆရာ ဆရာမများအတွက် အင်္ဂလိပ်စာစွမ်းရည်မြှင့်တင်ခြင်း သင်တန်းများ၊ သင်ပြနည်းသင်တန်းများ၊ လူတိုင်းအကျုံးဝင် ပညာရေးနှင့်ပတ်သက်သည့် သင်တန်းများကို COVID-19 ကာလအတွင်း ပို့ချပေးနေခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း၊

ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်းကို ဖွင့်လှစ်ရန်ပြင်ဆင်နေကြောင်း၊ AERS (Assessment and Education Reform Support) စီမံကိန်းအောက်တွင် ဦးစားပေးလုပ်ငန်း ၅ ခုကို ကူညီဆောင်ရွက်နေခြင်းနှင့် EELC(Evidence Evaluation Learning Component) စီမံကိန်းတွင်လည်း သုတေသနလုပ်ငန်း များကို ကူညီဆောင်ရွက်ခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း၊ နှစ်နိုင်ငံကြား ပညာရေးပူးပေါင်းဆောင်ရွက်မှုအား ရေရှည်တည်တံ့ခိုင်မြဲရန် မျှော်လင့်ကြောင်းကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ပြောကြားခဲ့ပါတယ်။

အစည်းအဝေးမှာ မြန်မာ-ယူကေ ပညာရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်မှ တာဝန်ရှိသူများက COVID-19 ကာလအတွင်း ပညာရေး ပူးပေါင်းဆောင်ရွက်ထားရှိမှုနဲ့ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) မှာ ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ညှိနှိုင်း ဆွေးနွေးခဲ့ကြသလို၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် Department for International Development (DFID) ဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့အစည်းများ အပြန်အလှန် ချိတ်ဆက်ဆွေးနွေးခဲ့ကြပါတယ်။

-သန္တာ