မြန်မာ့ရှေ့ဆောင်ဘဏ်နှင့် Mastercard တို့လက်တွဲ၍ အမျိုးသမီးများအတွက် အကြွေးဝယ်ကတ် မိတ်ဆက်

အမျိုးသမီးများအတွက် သီးသန့် အကြွေးဝယ်ကတ် ဖြစ်တဲ့ MAB Lady’s ကတ်ကို မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) က မိတ်ဆက်လိုက်တယ်လို့ သိရပါတယ်။

Mastercard နဲ့ ပူးပေါင်း အကောင်အထည်ဖော်တဲ့ အဆိုပါ MAB Lady’s ကတ်ဟာ အမျိုးသမီးတွေရဲ့ငွေကြေးဆိုင်ရာ အထူးလိုအပ်ချက်များနဲ့ စိတ်ဝင်စားမှုများကို ဖြည့်ဆည်းပေးဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

MAB မှ Chief Business Officer ဖြစ်သူ ဦးကျော်နီခင် က “ကျွန်တော်တို့ MAB ဘဏ်အနေနဲ့ မြန်မာနိုင်ငံမှာ ခိုင်မာစွာ အမြစ်တွယ်တည်ရှိနေနိုင်မှုနဲ့ ပြောင်းလဲလာတဲ့ ကျွန်တော်တို့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို ကောင်းကောင်း နားလည်သဘောပေါက်နိုင်တဲ့ အတွက် ဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေဟာ သူတို့ရဲ့ လိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်မယ့် ဆန်းသစ်တဲ့ အခုလို အထူးသီးသန့် ထုတ်ကုန်တစ်ခုနဲ့ ထိုက်တန်တယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်။ အံ့မခန်းလောက်အောင်ကို စွမ်းဆောင်ရည်ပြည့်ဝပြီး လေးစားထိုက်တဲ့ ဒီကနေ့ခေတ် မြန်မာအမျိုးသမီးတွေ အတွက် အခုလိုမျိုး ထူးခြားတဲ့ ကတ်ဖြစ်တဲ့ MAB Lady’s ကတ်ကို ပထမဆုံးအကြိမ် အဖြစ် ဆောင်ယူလာခွင့်ရတာက ကျွန်တော်တို့အတွက် ကြီးမားတဲ့ ဝမ်းမြောက်ဂုဏ်ယူစရာ တစ်ခုပဲ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

အသက် ၂၁ နှစ် ပြည့်ပြီးသူ၊ သတ်မှတ်ထားသော ဝင်ငွေနှင့်အထက်ရှိသူ မည်သည့် မြန်မာအမျိုးသမီးမဆို MAB Lady’s Classic Mastercard သို့မဟုတ် MAB Lady’s Platinum Mastercard ကို မြန်မာတစ်နိုင်ငံလုံးရှိ မည်သည့် MAB ဘဏ်ခွဲတွင်မဆို လျှောက်ထားရယူနိုင်မှာ ဖြစ်ပါတယ်။ ကတ်ကိုင်ဆောင်သူရဲ့ မိသားစုဝင်တွေအနေနဲ့လည်း supplementary ကတ်များကို မိမိရဲ့ သွေးသားရင်းချာ မိသားစုဝင် principal ကတ်ကိုင်ဆောင်သူများမှ တစ်ဆင့် ဆင့်ပွားထုတ်ယူ သုံးစွဲနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ MAB Lady’s ကတ်ကိုင်ဆောင်သူတွေ အနေနဲ့ MAB iBanking စာရင်းနဲ့ Mobile Banking စာရင်းတို့ကို အခမဲ့ အလွယ်တကူ ဖွင့်နိုင်မှာဖြစ်တဲ့အပြင် မြန်မာငွေကျပ် သိန်း ၅၀ သို့မဟုတ် မိမိလက်ရှိ ရရှိနေတဲ့ လစာရဲ့ ၂ ဆ ကို အကြွေးဝယ်ယူ သုံးစွဲနိုင်တဲ့ အခွင့်အရေးကို ရရှိမှာ ဖြစ်ပါတယ်။

MAB Lady’s ကတ်ကို အွန်လိုင်းစနစ်နဲ့ အကြွေးဝယ်ယူ ငွေပေးချေခြင်းများ၊ ကမ္ဘာတစ်ဝှမ်းမှ ATM စက်များနဲ့ POS များမှာ ငွေသားထုတ်ယူခြင်းနဲ့ ငွေပေးချေမှုများအတွက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Lady’s ကတ် ကိုင်ဆောင်သူများအနေနဲ့ လျှော့စျေးနှုန်းထားများ ရယူနိုင်ခြင်း၊ ခရီးသွားခြင်းနှင့် အပန်းဖြေနားနေမှုများ အပါအဝင် အဆင့်မြင့်စားသောက်ဆိုင်များ၊ ဖက်ရှင်နှင့် ကျန်းမာရေးနှင့် နေထိုင်မှု အကျိုးခံစားခွင့်များ ရယူခံစားနိုင်မယ့် အပြင် အခြားသော ဘားနှင့် စားသောက်ဆိုင်များအား ချိတ်ဆက်ထားတဲ့အတွက် စိတ်လှုပ်ရှားဖွယ် TGIF ခံစားမှုများကို ရရှိခံစားနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံအတွင်းမှ အကျိုးခံစားခွင့်များ အပြင် Master Priceless Experience အစီအစဉ်မှ တစ်ဆင့် ဒေသတွင်းနဲ့ နိုင်ငံတကာ ကုန်သည်များ အသီးသီးမှ ပေးအပ်တဲ့ ကမ္ဘာတစ်ဝှမ်း ဟိုတယ်နှင့်အပန်းဖြေစခန်းများ၊ အလှအပနှင့် ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုများ အတွက် ၂၅% အထိ အခွင့်ထူးများကိုလည်း ရရှိနိုင်မယ်လို့ သိရပါတယ်။

-ရဲထွဋ်ဝင်း

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««