မြန်မာ့ရုပ်ရှင်ရာပြည့်အခမ်းအနားကို အွန်လိုင်းမှ တင်ဆက်သွားမည်

အောက်တိုဘာလ ၁၃ ရက်မှာကျင်းပမယ့် မြန်မာ့ရုပ်ရှင်ရာပြည့်အခမ်းအနားကို ယခင် အခမ်းအနားတွေနဲ့ မတူဘဲ အွန်လိုင်းရုပ်ရှင်ပွဲတော်အဖြစ် တင်ဆက်သွားမယ်လို့ သိရပါတယ်။

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် မလိုအပ်ဘဲ အပြင်မထွက်ခြင်းဖြင့် စည်းကမ်းစောင့်ထိန်းနေကြတဲ့ မြန်မာ့ရုပ်ရှင်ချစ်ပရိသတ်တို့အတွက် ရုပ်ရှင်ရာပြည့်အထိမ်းအမှတ်ပွဲတော်မှာ ခေတ်အဆက်ဆက် နှစ်ခြိုက်အားပေးခဲ့ကြရတဲ့ မြန်မာ့ရုပ်ရှင် အနုပညာရှင်၊ အတတ်ပညာရှင်များရဲ့ ရသစုံလင်မြန်မာ့ရုပ်ရှင်တွေကို လုံခြုံကျန်းမာဘေးကင်းစွာနဲ့ စိတ်ကြိုက်ရွေးချယ် ကြည့်ရှုနိုင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ အွန်လိုင်းရုပ်ရှင်ပွဲတော်အဖြစ် စီစဉ်ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။

ရုပ်ရှင်တွေကို Cookie, Mahar နဲ့ PyonePlay တို့လို ရုပ်သံပလက်ဖောင်းတွေကနေ အခမဲ့ ကြည့်ရှုနိုင်မှာဖြစ်ပြီး အခြားစိတ်လှုပ်ရှားစရာ အစီအစဉ်တွေကိုလည်း Myanmar Film 100th Anniversary စာမျက်နှာမှာ ထပ်မံ ကြေညာပေးသွာမယ်လို့ သိရပါတယ်။

အွန်လိုင်းရုပ်ရှင်ပွဲတော်မှာ Mahar Mobile Application နဲ့ မြန်မာရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်း ၂၅၀၀ ကျော်ကို Promo Code (102020) နဲ့ အောက်တိုဘာ ၈ ရက်မှ ၃၁ ရက်အထိလည်းကောင်း၊ Cookie Application နဲ့ မြန်မာရုပ်ရှင်ဇာတ်ကားပေါင်း ၅၀ ကျော်၊ ရုပ်သံလိုင်းပေါင်း ၅၀ ကျော်နဲ့ မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် Movie Album တွေကို Promo Code (MMFILM 100)နဲ့ အောက်တိုဘာ ၁၃ ရက် မှ ၃၁ ရက် အထိ လည်းကောင်း၊ Pyone Play Application နဲ့ မြန်မာရုပ်ရှင်ဇာတ်ကား ၃၀ နဲ့ ဇာတ်လမ်းတွဲတွေကို လည်းကောင်း အခမဲ့ ကြည့်ရှုနိုင်မယ်လို့ သိရပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««