မြန်မာ့ခရီးသွားဝင်ရောက်မှု တိုးတက်လျက်ရှိတဲ့ အာရှနိုင်ငံများတွင် အသက်သာဆုံးနှုန်းဖြင့် အင်တာနက်သုံးနိုင်မည့် အစီအစဉ်ကို တယ်လီနောမိတ်ဆက်

တယ်လီနောမြန်မာ အနေနဲ့ မြန်မာ့ခရီးသွားဝင်ရောက်မှု တိုးတက်လျက်ရှိတဲ့ အာရှနိုင်ငံတွေမှာ အသက်သာဆုံးနှုန်းထားနဲ့ အင်တာနက်သုံးစွဲနိုင်မယ့် အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ မြန်မာနိုင်ငံသား အများစု သွားရောက်လည်ပတ်လေ့ရှိတဲ့ အိန္ဒိယ အပါအဝင် ဟောင်ကောင်၊ ထိုင်ဝမ်၊ မကာအိုနဲ့ တောင်ကိုရီးယားတို့မှာ အထူးနှုန်းထား ပရိုမိုးရှင်းများနဲ့ အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံမှာ ပြည်တွင်းနှုန်းထားများအတိုင်း ၁ မဂ္ဂါဘိုက်လျှင် ၁၀ ကျပ် (ကုန်သွယ်လုပ်ငန်းခွန်မပါ) ဖြင့် အသုံးပြုနိုင်မယ့် အထူးပရိုမိုးရှင်း အစီအစဉ်ကို ရယူအသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ဝန်ဆောင်မှုရယူပါက ပေးဆောင်ရမယ့် ဝန်ဆောင်ခဟာလည်း အသက်သာဆုံးနှုန်းထားဖြစ်တဲ့ အပတ်စဉ် စာရင်းပေးသွင်းခ ၅၉၉ ကျပ် သို့မဟုတ် နေ့စဉ်စာရင်းပေးသွင်းခ ၉၉ ကျပ်သာ ကျသင့်မှာဖြစ်ပါတယ်။ နေ့စဉ်နဲ့ အပတ်စဉ် စာရင်းပေးသွင်းမှု မပြုလုပ်လိုတဲ့ အသုံးပြုသူများ အနေနဲ့လည်း သုံးသလောက်ပေး အင်တာနက်အစီအစဉ်ကို ၁ မဂ္ဂါဘိုက်လျှင် ၁၅ ကျပ် (ကုန်သွယ်လုပ်ငန်းခွန်မပါ) နှုန်းထားဖြင့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အိန္ဒိယအစိုးရမှ ထုတ်ပြန်တဲ့ ၂၀၁၈ ခုနှစ် ခရီးသွားဝင်ရောက်မှု အစီရင်ခံစာအရ မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ သွားရောက်တဲ့ ခရီးသွားဦးရေဟာ နှစ်စဉ်တိုးတက်လျက်ရှိပြီး ဗုဒ္ဓဂယာသို့သွားရောက်လည်ပတ်မှု အများဆုံးဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဝန်ဆောင်မှုအား တယ်လီနောရဲ့ prepaid နဲ့ star post-paid အသုံးပြုသူများအားလုံး ရယူနိုင်ပြီး ဝန်ဆောင်မှုရယူလိုပါက အပတ်စဉ် စာရင်းပေးသွင်းခ ၂၅၀၀ကျပ်ဖြင့် ၁ မဂ္ဂါဘိုက်လျှင် ၅၀ ကျပ် (ကုန်သွယ်လုပ်ငန်းခွန်မပါ) ဖြင့် ရယူအသုံးပြုနိုင်မှာဖြစ်ပြီး အပတ်စဉ် စာရင်းပေးသွင်းမှု မပြုလုပ်လိုတဲ့ အသုံးပြုသူများအနေနဲ့လည်း သုံးသလောက်ပေး အင်တာနက်အစီအစဉ်ကို ၁ မဂ္ဂါဘိုက်လျှင် ၅၀၀ ကျပ် (ကုန်သွယ်လုပ်ငန်းခွန်မပါ) နှုန်းထားဖြင့်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

နိုင်ငံရပ်ခြားမှာ အင်တာနက်ကို ပြည်တွင်းနှုန်းထားများအတိုင်း အသုံးပြုနိုင်မယ့် “Roam like Home” အစီအစဉ်ကိုလည်း နိုင်ငံပေါင်း ၈ နိုင်ငံမှစပြီး ယခုအချိန်မှာ နိုင်ငံပေါင်း ၁၂ နိုင်ငံ (ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံ) အထိ မိတ်ဆက်ပေးခဲ့ပြီး တယ်လီနောမြန်မာအနေနဲ့ နိုင်ငံတစ်ဝန်းရှိ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၈,၆၀၀ ကျော်နဲ့ ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူပေါင်း ၂၁ သန်းကျော်ထံသို့ ၎င်းရဲ့ 2G၊ 3G နှင့်4G ကွန်ရက်များနဲ့ ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပါတယ်။

-ရဲထွဋ်ဝင်း