မြန်မာအမျိုးသမီးငယ်များ၏ ဒစ်ဂျစ်တယ်နည်းပညာနှင့် ခေါင်းဆောင်မှုစွမ်းရည်များ ပြည့်ဝလာစေရန် Tech Age Girls အစီအစဥ်ကို မိတ်ဆက်

အူရီဒူးမြန်မာမှ မြန်မာနိုင်ငံတစ်ဝန်းရှိ အမျိုးသမီးငယ်များအား ဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင်မှုနှင့် ခေါင်းဆောင်မှုအရည်အသွေးများ ပြည့်ဝလာစေရန် Tech Age Girls ၂၀၂၀-၂၁ အစီအစဉ်နဲ့ အခွင့်အလမ်းတွေ ပေးအပ်လျက်ရှိပါတယ်။

“ကျွန်တော်တို့အနေနဲ့ ဒစ်ဂျစ်တယ်နည်းပညာမှတစ်ဆင့် အခွင့်အလမ်းများကို ပေးအပ်ခြင်းဖြင့် မညီမျှမှုတွေကိုလျှော့ချပြီး အမျိုးသမီးငယ်တွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မယ်လို့ အပြည့်အဝ ယုံကြည်ထားပါတယ်။ Tech Age Girls အစီအစဉ်က ပါဝင်သူအမျိုးသမီးငယ်လေးတွေရဲ့ဘဝကို တိုးတက်စေရုံသာမက ဒီအစီအစဉ် ပြီးသွားတဲ့အခါမှာလည်း သူတို့ သင်ကြားခဲ့ရတဲ့ ခေါင်းဆောင်မှုနဲ့ ဒစ်ဂျစ်တယ်နည်းပညာ အရည်အသွေးတွေကို အသုံးချပြီးတော့ သူတို့ရဲ့လူမှုပတ်ဝန်းကျင် တိုးတက်အောင် လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်က ကျား/မ ဆိုင်ရာ ကွဲပြားခြားနားမှုကို သာမက ဒစ်ဂျစ်တယ်ကွာဟချက် မရှိအောင်ပါ ပံ့ပိုးကူညီပေးနိုင်မှာ ဖြစ်ပါတယ်” လို့ အူရီဒူးမြန်မာရဲ့ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်က ပြောပါတယ်။

Tech Age Girls အစီအစဉ် ၂၀၂၀-၂၁ ကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက် က မိတ်ဆက်ခဲ့ပြီး Tech Age Girls အစီအစဉ်နဲ့ မြန်မာအမျိုးသမီးငယ်တွေရဲ့ စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးခြင်း ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ 360ed ရဲ့ တည်ထောင်သူနှင့် CEO ဒေါ်လှလှဝင်း၊ Myanmar Book Aid and Preservation Foundation ရဲ့ Executive Director ဒေါက်တာသန့်သော်ကောင်း၊ အူရီဒူးမြန်မာရဲ့ Head of Corporate Communications ဦးတင့်နိုင်ထွဋ်နဲ့ ၂၀၁၆ခုနှစ် Tech Age Girls ကျောင်းသူဟောင်း ဒေါ်အေးသူဇာတို့က အမျိုးသမီးငယ်များအား စွမ်းဆောင်ရည်မြှင့်တင်ပေးရန် အရေးကြီးပုံနှင့် နည်းပညာကဏ္ဍ မှ အမျိုးသမီးများ၏ အောင်မြင်မှုလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်ပုံတို့ကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

Tech Age Girls အစီအစဉ်မှာ ICT skills , soft skills နဲ့ leadership summit ဟူ၍ သင်ကြားရေးပုံစံ အဆင့် (၃) ဆင့်ပါဝင်မှာ ဖြစ်ပြီး ၎င်းအဆင့် ၃ ဆင့်ကို ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ကာ ၂၀၂၁ ခုနှစ် အောက်တိုဘာလအထိ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ Myanmar Book Aid and Preservation Foundation (MBAPF) မှ စီစဉ်ဆောင်ရွက်ခဲ့တဲ့ Tech Age Girls (TAG) အစီအစဉ်မှာ အသက် ၁၆ နှစ်မှ ၂၀ နှစ်အတွင်းရှိ အမျိုးသမီးငယ်လေးများ အတွက် ‌ခေါင်းဆောင်မှုအရည်အသွေးနှင့် ဒစ်ဂျစ်တယ်နည်းပညာပိုင်းဆိုင်ရာ ဗဟုသုတများပံ့ပိုးပေးရန် ရည်ရွယ်တဲ့ တစ်နှစ်တာကြာမြင့်မယ့် အစီအစဉ်ဖြစ်တယ်လို့ သိရပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««