မြန်မာလူငယ်များ ဦးဆောင်သော အွန်လိုင်းဘေးကင်းလုံခြုံမှုဆိုင်ရာ လူမှုမီဒီယာ လှုပ်ရှားမှု ပြုလုပ်

ရန်ကုန် – ပလန်အင်တာနေရှင်နယ် မြန်မာနဲ့ တယ်လီနော မြန်မာတို့ရဲ့ မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ “ချစ်ခင်ကြင်နာ၊ အွန်လိုင်းကမ္ဘာ” အွန်လိုင်းဘေးကင်းလုံခြုံမှုဆိုင်ရာ လှုပ်ရှားမှုတစ်ခုကို စတင်ပြုလုပ်လိုက်တယ်လို့သိရပါတယ်။

“ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေတဲ့ကာလအတွင်းမှာ အချင်းချင်း ထိတွေ့ဆက်ဆံမှုများကို ကန့်သတ်ထားခြင်းတွေရှိလာပြီး လူငယ်အများစုက အွန်လိုင်းပလက်ဖောင်းတွေကို ပိုမို အသုံးပြုလာကြပါတယ်။ လူငယ်များအတွက် အင်တာနက်ကို ဘေးကင်းလုံခြုံစွာ အသုံး ပြုနိုင်ရန် ယခင်ကထက်ပိုပြီး အရေးကြီးလာပါတယ်။ လူငယ်တွေအနေနှင့် အွန်လိုင်းမှာ အန္တရာယ် ကြုံတွေ့တဲ့အခါ ဘယ်လို ကာကွယ်ရမလဲ၊ အကူအညီဘယ်လို ရှာဖွေရမလဲဆိုတာနဲ့ ပတ်သက်ပြီး ဒစ်ဂျစ်တယ် နည်းပညာမှာ ကျွမ်းကျင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တယ်လီနောနှင့်အတူ အွန်လိုင်းတွင် ထိပါးနှောင့်ယှက်ခြင်းနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းကင်းတဲ့ အွန်လိုင်း အင်တာနက် သုံးစွဲခြင်းတွေဖြစ်လာဖို့ လူငယ်ခေါင်းဆောင်တွေနှင့်အတူ ဒီအွန်လိုင်း ဘေးကင်းလုံခြုံမှု ဆိုင်ရာ လှုပ်ရှားမှုကို စတင်လိုက်ခြင်း ဖြစ်ပါတယ်”လို့ ပလန်အင်တာနယ်ရှင်နယ်မြန်မာရဲ့ ဌာနေကိုယ်စားလှယ် ဖြစ်သူ Mr. Kelland Stevenson က ပြောပါတယ်။

အဆိုပါ လှုပ်ရှားမှုကို ဆောင်ရွက်ရာမှာ အွန်လိုင်းပေါ်တွင် အနိုင်ကျင့်ခြင်း၊ အမုန်းစကားများဖြန့်ဝေခြင်း၊ လိမ်လည်ရင်းနှီးမှုရယူခြင်း၊ ညစ်ညမ်းပုံနှင့် စာများပေးပို့ခြင်း၊ သတင်းအတုများစတဲ့ ပြဿနာတွေကို နားလည်သဘောပေါက်လာစေဖို့နဲ့ ဒစ်ဂျစ်တယ်နည်းပညာတွင် ကျွမ်းကျင်လာစေဖို့ ပံ့ပိုးမှုတွေလုပ်ဆောင်သွားမယ်လို့သိရပါတယ်။

“ကလေးငယ်တွေနဲ့ လူငယ်တွေ၊ အထူးသဖြင့် မိန်းကလေးများအတွက် လုံခြုံစိတ်ချရတဲ့ ဒစ်ဂျစ်တယ် ပတ်ဝန်းကျင် တစ်ခုဖြစ်လာဖို့ဆိုတာ တယ်လီနောရဲ့ လူမှုအကျိုးပြု ဦးတည်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ မိုဘိုင်းနဲ့ ဒစ်ဂျစ်တယ်ဆက်သွယ်ရေးဟာ လူတိုင်းအတွက်ဖြစ်သင့်တယ်လို့ ကျွန်တော်တို့အားလုံး ယုံကြည် ပါတယ်။ အခုလို တစ်ကမ္ဘာလုံး ကပ်ရောဂါကို ရင်ဆိုင်တိုက်ဖျက်နေရတဲ့အချိန်မှာ ဒါဟာပိုပြီးအရေးကြီးပါတယ်” လို့ တယ်လီနောမြန်မာရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Jon Omund Revhaug ကပြောပါတယ်။

ကမ်ပိန်းကို လူငယ်ခေါင်းဆောင်တွေက ရှေ့တန်းမှ ဦးဆောင်ကာ မြန်မာလူငယ်များအတွက် ဘေးကင်းလုံခြုံတဲ့ အွန်လိုင်းနေရာ ဖန်တီးပေးခြင်း၊ အပြုသဘောဆောင်တဲ့ အွန်လိုင်းအမူအကျင့်ကောင်းတွေ မြှင့်တင်ပေးခြင်း၊ လူငယ်တွေကို အပြုသဘော မဆောင်တဲ့ အွန်လိုင်းအပြုအမူတွေကို ကိုင်တွယ်ဖြေရှင်းပေးဖို့နှင့် လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေ ပံ့ပိုးပေးသွားမှာဖြစ်ကြောင်း၊ ကလေးသူငယ်တွေနဲ့ လူငယ်များအကြား ကောင်းမွန်သော စိတ်နေ သဘောထား၊ တန်ဖိုးထားမှု၊ အမူအကျင့်ကောင်းတွေ ဖြစ်ပေါ်လာစေဖို့နဲ့ လူမှုရေးညီညွတ်မှု၊ ဖွံ့ဖြိုး တိုးတက်ရေးများအတွက် အထောက်အပံ့ဖြစ်စေဖို့ အင်တာနက်ကို အကျိုးရှိရှိ အသုံးပြုတတ်လာစေဖို့ကိုလည်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။

ယခုလှုပ်ရှားမှုကို တိုင်းဒေသကြီး (၈) ခု မှ အလယ်တန်းနှင့် အထက်တန်းအဆင့်ရှိ အခြေခံ ကျောင်းသား / ကျောင်းသူ ၇၀၀,၀၀၀ သိန်းထံသို့ တိုက်ရိုက်ရောက်ရှိရုံသာမက လူမှုမီဒီယာများမှတစ်ဆင့် ထောင်ပေါင်းများစွာသော လူငယ်များထံသို့ ရောက်ရှိနိုင်ဖို့လည်း မျှော်မှန်းထားတယ်လို့လည်းသိရပါတယ်။